သတင်း

ရဝမ်ရိုးရာလူကြီး ဦးထုံဖူးဒဂုဏ်အပါ ၃ ယောက်ကို KIA ဖမ်းဆီးထား

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဝမ်စာပေနှင့်ယာဉ်ကျေးမှုအသင်း နာယက ဦးထုံဖူးဒဂုဏ်အပါအဝင် ၃ ယောက်ကို ပန်ဝါဒေသဘက်ကလာတဲ့ အပြန်လမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးထားတယ်လို့ သတင်းသိရှိရပါတယ်။

KIA ရဲ့ ဖမ်းဆီးခံရတဲ့ ရဝမ်ရိုးရာလူကြီး ၃ ယောက်ဟာ ဒီဇင်ဘာလ ၈ ရက်နေ့ ပန်ဝါဒေသဘက်ကနေ ဆင်းလာစဉ် ဝိုင်းမော်မြို့နယ်ဘက်ခြမ်းမှာ KIA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ပူတာအိုဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

ပန်ဝါဘက်ကနေ ဆင်းလာတာ ဝိုင်းမော်ဘက်ခြမ်းအရောက်မှာ ဖမ်းသွားတယ်လို့ကြားတယ်။ ဖမ်းသွားတာက သေချာတယ်။ ဘာလို့ဖမ်းသွားမှန်းတော့ သေချာမသိဘူး ဒါပေမယ့် ပြည်သူ့စစ်နဲ့ ပတ်သက်လို့ စည်းရုံးရေးတွေကြောင့် ဖမ်းခံရတာလို့တော့ပြောနေကြတာပဲလို့ပြောပါတယ်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံရတဲ့ ဦးထုံဖူးဒဂုဏ်အပါအဝင် ၃ ယောက်ကို KIA က ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီးတော့ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတာကို အဆက်အသွယ်မရရှိသေးဘူးလို့သူက ဆက်ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ရဝမ်ရိုးရာလူကြီး ၃ ယေက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဝမ်စာပေနှင့်ယာဉ်ကျေးမှုအသင်း နာယက ဦးထုံဖူးဒဂုဏ်၊ ကြံ့ခိုင်ရေးပါတီရဲ့ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ချန်းဂျုံဆားနဲ့ ရှင်းဂျာအောင်တို့ဖြစ်ကြတယ်လို့ သိရပါတယ်။

အဲဒီ ရဝမ်ရိုးရာလူကြီး ၃ ယောက်ဟာ ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်ကြပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်မှာရှိနေတဲ့သူတွေရှိဖြစ်သလို ရဝမ်ပြည်သူ့စစ်လုပ်ဖို့ တိုက်တွန်းပြောဆိုနေတာတွေရှိနေတာကြောင့် ဖမ်းဆီးခံရနိုင်တာဖြစ်တယ်လို့ ပူတာအိုဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဒါ့ကြောင့် ပန်ဝါဘက်မှာ ပြည်သူ့စစ်စည်းရုံးရေးတွေ လုပ်ဆောင်ပြီးပြန်လာတဲ့ အပြန်လမ်းမှာ ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ သတင်းအရင်းအမြစ်တွေပြောဆိုနေကြပေမယ့် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဦးထုံဖူးဒဂုဏ်အပါ ရဝမ်ရိုးရာ လူကြီး ၃ ယောက်ကို KIA က ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး ‘မကြားမိသေးဘူးလို့’KIO ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

ဒါ့အပြင် ဦးထုံဖူးဒဂုဏ်ဟာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းမှာလည်း USDP ပါတီဝင်တွေနဲ့ နောင်မွန်မြို့က ၈မိုင်ခန့်ဝေးတဲ့ ဌာနေပြည်သူ့စစ်တည်ရှိရာ ရပ်ပေါ့ကျေးရွာကို သွားရောက်ပြီး လူငယ်တွေကို စစ်သင်တန်းပို့ချပေးရန်နဲ့ လက်နက်တပ်ဆင်ပေးရန် ပြောဆိုတာတွေရှိခဲ့တယ်လို့ ရဝမ်းမျိုးနွယ်စုအသိုင်းအဝိုင်းက သိရပါတယ်။

By – နော်ထွယ်(ဟူးကောင့်)

Show More

Related Articles

Back to top button