သတင်း

ရွှေကူနယ်အရှေ့ခြမ်းက မီးဘေးသင့်ပြည်သူများ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ထူထောင်ရေးစတင်

ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းက စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်တွေမီးလောင်ပျက်ဆီးခဲ့ရတဲ့ကျေးရွာနေပြည်သူတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်ထူထောင်ရေးတွေစတင်လုပ်ဆောင်ပြီလို့ ဒေသခံတွေကပြောပါတယ်။

ရွှေကူနယ်က စီသာ၊စီသောင်၊မံဝင်း၊ စီမူလေး၊စီမူကြီး၊နန့်လန်ကျေးရွာတွေနဲ့ ကျေးရွာပေါင်း ၁၂ ရွာက ပြည်သူတွေဟာ မီးဘေးသင့်ခဲ့ပြီး ၉ လ ကျော်ကြာ တောတောင်တွေထဲတိမ်းရှောင်ခဲ့ရာကနေ လက်ရှိနေရပ်ပြန်ပြီးပြန်လည်ထူ ထောင်ရေးတွေစလုပ်ဆောင်နေပြီလို့ မီးဘေးသင့်ပြည်သူတစ်ဦးဖြစ်တဲ့ မံဝင်းကျေးရွာနေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ကိုယ်တတ်နိုင်သလောက်နဲ့တော့စလုပ်နေကြတယ် တောတောင်တွေထဲမှာကြာကြာနေဖို့ ဆိုတာလေးမလွယ်ဘူးလေ။ အခုဆိုဆောင်းတွင်းရောက်ပြီ ကလေးတွေ ပြီးတော့ သက်ကြီးရွယ်အိုတွေနဲ့ဆိုတော့ အေးကအေးနဲ့တောထဲနေဖို့အဆင်မပြေတော့ဘယ်လိုဖြစ်ဖြစ်ဆိုပြီး ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး အိမ်လေးယာလေးနဲ့နေကြပြန်မယ်ဆိုပြီး အိမ်လေးတွေစဆောက်နေကြပြီလို့ ပြောပါတယ်။

အဲဒီကျေးရွာတွေဟာ စီသာ၊စီသောင်၊ မံနား၊မံခါး၊နန့်လန်၊နောင်လတ်ကြီး၊စီမူလေး၊စီစူကြီး၊မံဝင်း၊ ငှက်တံတားနဲ့စုစုပေါင်းကျေးရွာ ၁၂ ရွာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လမှာ စစ်တပ်က ကာကွယ်ရေးတပ်တွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ရာကနေ ဒီဇင်ဘာ ၆ ရက်နေ့ကနေစပြီး ပြန်လည်ထူထောင်ရေးစတင် နေပြီလို့သိရပါတယ်။

တချို့အိမ်တွေဆိုရင်အိမ်ကြီး အိမ်ကောင်းတွေပါသွားတယ်လေး ဒါပေမယ့်အခုတော့ အိမ်ကြီးအိမ်ကောင်းမဆောက်နိုင်ကြတော့ဘူး။ အားလုံးက တဲသာသာလောက်ပဲ ဆောက်နိုင်ကြတော့မှာသက်ကယ်မိုး၊ထရံကာပေါ့အဲ့လိုအဆင့်လောက်ပဲပြန်ဆောက်နိုင်ကြမှာလို့ စီသောင်ကျေးရွာနေ မီးဘေးသင့်ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။

ကျေးရွာနေပြည်သူတွေဟာ ၉ လကျော်ကြာတောတောင်တွေထဲ တိမ်းရှောင်ခဲ့ရပြီးပြန်လည်ထူ ထောင်ရေးလုပ်ဆောင်ရတာကြောင့်အခက်အခဲတွေလည်းရှိတယ်လို့စီသောင်ကျေးရွာက မီးဘေးသင့်ပြည်သူလည်းဖြစ် ကျေးရွာရပ်မိရပ်ဖလည်းဖြစ်တဲ့ အမျိုးသားတစ်ဦးကအခုလိုပြောပါတယ်။

အခက်အခဲကတော့အခုမှရွာထဲပြန်ဝင်ပြီးကိုယ်ထူကိုယ်ထနဲ့လုပ်ရတာဆိုတော့ အများကြီးရှိပါတယ်။ ဘယ်မှာမှအကူအညီသွားတောင်းလို့လည်းမရဘူးလေအခုရွာသားတွေလိုအပ်နေတာက အိမ်တိုင်ခွဲဖို့ ချိန်းဆော်မလောက်ဘူးပြီးတော့ ဓာတ်ဆီကလည်းမဝယ်နိုင်ကြဘူးစျေးကကြီးနဲ့ဆိုတော့ သံချောင်းတွေကစတော့အခက်အခဲ ဖြစ်နေကြတာပါ့လို့ ပြောပါတယ်။

စစ်ကောင်စီမီးရှို့ခဲ့တဲ့ကျေးရွာတွေထဲမှာ စီသာနဲ့စီသောင်းကျေးရွာတွေဟာ အိမ်ခြေ ၂၀၀ နီးပါးအထိမီးလောင်ခဲ့တာကြောင့်ရွာလုံးကျွတ်မီးလောင်ပြာကျခဲ့တဲ့ကျေးရွာတွေဖြစ်ပြီးအခြားကျေးရွာတွေကတော့အိမ်ခြေ ၅၀ ကနေအိမ်ခြေ ၈၀ ဝန်းကျင်၊အိမ်ခြေ ၁၀၀ အထိမီးရှို့ခံခဲ့ရတဲ့ကျေးရွာတွေ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၇၇၊ ၈၈နှင့်တပ်မ ၁၀ စစ်ကြောင်းတွေဟာ အထက်ဖော်ပြပါကျေးရွာတွေထဲကို ယခုနှစ်မတ်လ ၂၀ ကျော်မှာ စစ်ကြောင်း သုံးကြောင်းခွဲ ဝင်ရောက်လာပြီး အရပ်သားတွေရဲ့နေအိမ်တွေကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ရွှေကူနယ်ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့ မြို့နယ်ဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ကာကွယ်ရေးတပ်တွေ အားကောင်းကောင်းနဲ့လှုပ်ရှားတဲ့နယ်မြေဖြစ်သလို အရပ်သားပြည်သူတွေရဲ့နေအိမ်မီးရှို့ခံရတာလည်း အများဆုံးကြုံရတဲ့မြို့နယ်ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button