သတင်း

နမ္မတူမြို့မှာ စစ်ကောင်စီ ဗုံးကျဲတိုက်မှုကြောင့် နေရပ်မပြန်နိုင်သေး

ရှမ်းမြောက် နမ္မတူမြို့ကို TNLA သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်လာရောက်ဗုံးကြဲတိုက်ခိုက်နေသေးတာကြောင့် ဒေသခံပြည်သူတွေလည်း နေရပ်ပြန်လာလို့မရသေးဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီ ၂ ရက်နေ့ မနေ့ည ၉ နာရီ‌လောက်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ TNLA သိမ်းပိုက်နေရာယူထားတဲ့ နမ္မတူမြို့ ခမရ ၃၂၄ တပ်စခန်းကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နမ္မတူဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

နမ္မတူမှာ အခုတော့ စစ်ကောင်စီတပ်သားတွေ တစ်ယောက်မှမကျန်တော့ဘူး။ TNLA တွေနေရာယူထားပြီး ရှိနေတယ်။ စစ်တပ်ကတော့ လေယာဉ်နဲ့ဆက်တိုက်ဗုံးလာကြဲနေတုန်း။ မနေ့ညလည်း လေယာဉ်နဲ့ ၂ ကြိမ်လောက် လာပစ်သွားတယ်။ စစ်တပ်က မြို့တွင်းဖြစ်ပါစေ၊ စစ်တပ်ထဲဖြစ်ပါစေ သူတို့ပစ်ချင်တဲ့နေရာတိုင်းကို လာလာပစ်နေတုန်းလို့ပြောပါတယ်။

မနေ့ည လေယာဉ်နဲ့လာရောက်ပစ်ခတ်ရာမှာ စစ်ကောင်စီလက်လွတ်လိုက်ရတဲ့ စခန်းထဲကို လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေထိခိုက်တာမျိုးတော့ မကြားသိရဘူးလို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က နမ္မတူမြို့က စစ်တပ်ဗျူဟာ ခမရ ၃၂၄ ကို တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က အပြီးစီးသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိချိန်ထိ စစ်တပ်က တစ်ရက်ခြား ဒါမှမဟုတ် ၂ ရက်ခြားပြီး လေယာဉ်နဲ့ ဆက်တိုက်လာရောက်ဗုံးကြဲတိုက်ခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဗုံးကြဲတိုက်ခိုက်တာကြောင့် နမ္မတူမြို့ထဲက အရပ်သားနေအိမ်အမြောက်အများလည်း ထိခိုက်ပျက်စီးသွားသလို စာသင်ကျောင်း၊ ဘုရားကျောင်း စသဖြင့်အဆောက်အအုံများလည်း ပျက်စီးသွားကြောင်း သိရပါတယ်။

 လက်ရှိ နမ္မတူမြို့တွင်း TNLA ဘက်က အုပ်ချူပ်ရေးရုံး၊ ဝန်ထမ်းအိမ်ရာတွေနဲ့ ကျေးရွာနေအိမ်တွေထဲမှာ နေရာယူပြီး ရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေသေးသလို မြို့ခံပြည်သူများလည်း နေရပ်ကို ပြန်မလာနိုင်သေးဘဲ ဆက်လက်တိမ်းရှောင်နေကြရကြောင်း ပြောပါတယ်။

အခုက နမ္မတူမြို့ထဲက ရွာတချို့မှာ မပေါက်ကွဲသေးတဲ့ မိုင်းတွေ၊ ဗုံးတွေရှိသေးတယ်။ နယ်မြေရှင်းလင်းရေးတွေ မလုပ်နိုင်ကြသေးဘူး။ ဒါကြောင့် စစ်ရှောင်တွေ အိမ်ပြန်ချင်ရင်လည်း ပြန်လို့မရသေးဘူး။ အခုက တချို့အနည်းအကျဉ်းတော့ ပြန်လာနေကြပြီ။ ဒါပေမဲ့ အများပိုင်းကတော့ မပြန်လာသေးဘူး ဟု နမ္မတူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရှမ်းမြောက်မှာ ဒီဇင်ဘာလ ၃ ပတ်အတွင်း နမ့်ခမ်း၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မိုင်းငေါ့ ၊ မိုင်းလုံ စတဲ့ မြို့ပေါင်း ၆ မြို့တိတိကို တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ရရှိခဲ့ပါတယ်။ 

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button