သတင်း

စစ်တပ်ရဲ့ လွတ်ငြိမ်းခွင့်မှာ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ် ပါဝင်လာခြင်းမရှိ

ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးအထိမ်းအမှတ်နေ့အဖြစ် စစ်ကောင်စီဟာ အကျဉ်းသား၊သူတွေကို လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ထဲမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ပါဝင်လာခြင်းမရှိခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

မြစ်ကြီးနား အကျဉ်းထောင်မှာထောင်ဒဏ် ၆ နှစ်အကျဉ်းကျခံထားရတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြီးခဲ့တဲ့ နှစ်တွေမှာ လွတ်ပေးမယ်လို့ အကြိမ်ကြိမ်ပြောဆိုခဲ့တာတွေရှိခဲ့ပေမယ့် ဒီကနေ့ထိ လွတ်ပေးခဲ့ခြင်းမရှိတာကြောင့် လွတ်လပ်ရေးနေ့မှာလည်း လွတ်မြောက်လာဖို့ မျှော်လင့်ထားတာမရှိဘူးလို့ မိသားစုဝင်တစ်ဦးက KNG ကိုပြောပါတယ်။

သူတို့လွတ်ပေးဖို့ အကြိမ်ကြိမ်ပြောဆိုခဲ့တာတွေရှိတယ်။ ဒါပေမယ့် ဒီကနေ့အထိ လွတ်ပေးတာမရှိတာကြောင့် လွတ်လာဖို့မမျှော်လင့်တော့ဘူး။ ဘုရားက လွှတ်ပေးတဲ့နေ့ လွတ်လာမယ်လို့ထင်တယ်။ ပြီးခဲ့တဲ့နှစ်မှာလည်း လွတ်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့်မပါခဲ့ဘူးလေ။ ဒါပေမယ့် ထောင်ထဲမှာက ဘယ်သူမှ မထားချင်ဘူးလေ အမြန်လွတ်မြောက်လာရင်တော့ ကောင်းတာပေါ့လို့ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်း ဥပဒေ ပုဒ်မ၁၇()အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(က)ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေး ၅၂(က)အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၆ နှစ်အထိ ပြီးခဲ့တဲ့ နှစ် ၂၀၂၃ ဧပြီလမှာ မြစ်ကြီးနား အကျဉ်းထောင်တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

အဲ့ဒီအမှုတွေအတွက် ခရိုင်တရားရုံးကနေ ပြည်နယ်အဆင့်အထိ အယူခံဝင်ခဲ့ပေမယ့် ပျယ်ချခံလိုက်ရတာလည်း ဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထိုင်းနိုင်ငံကိုသွားဖို့ မန္တလေး လေဆိပ်မှာ လေယာဉ်စောင့်ဆိုင်းနေတဲ့အချိန် စစ်ကောင်စီအဖွဲ့ဝင်တွေက လာရောက်ဖမ်းစီးသွာတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းကျခံနေရသူများ ၉ ထောင်ကျော်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ()အရ လွတ်ငြိမ်းခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ မြစ်ကြီးနားအကျဉ်းထောင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ၃ ယောက်အပါအဝင် ၉၀ ကျော်လွတ်မြောက်လာခဲ့တယ်လို့ မြစ်ကြီးနားအကျဉ်းထောင်နဲ့ နီးစပ်သူ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

လွတ်မြောက်လာတဲ့ ၉၀ ကျော်ထဲမှာ တစ်နှစ်အောက် အကျဉ်းကျခံရသူများ ဖြစ်တဲ့ ခိုးဆိုးလုယက်မှုနဲ့ မူးယစ်ကြောင့် ဖမ်းဆီးခံရတဲ့သူတွေသာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သာ ဒီကနေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင် အသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ ထုတ်ပြန်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button