သတင်း

မြစ်ကြီးနားမြို့မှာ တစ်လအတွင်းယာဉ်တိုက်မှုပေါင်း ၆၀ ကျော်ဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီဇင်ဘာလတစ်လအတွင်းမှာ ယာဉ်တိုက်မှုပေါင်း အကြိမ် ၆၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ယာဉ်တိုက်မှုအများဆုံးဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာတာ၊ အရက်သေစာသောက်စားပြီး မောင်းနှင်တာတွေကြောင့်ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။

“များသောအားဖြင့် ညနေပိုင်းကျောင်းဆင်းတဲ့အချိန်ပိုဖြစ်တယ် ပြီးတော့ လူငယ်တွေပေါ့ သောက်စားပြီးဖြစ်တဲ့ သူနဲ့ လမ်းစည်းကမ်းမလိုက်နာတဲ့ သူတွေပေါ့ နှစ်ခုလုံးက ၅၀ ရာခိုင်နှုန်းစီပေါ့”လို့ပြောပါတယ်။

ကချင်ပြည်လူမှုကယ်ဆယ်ရေးအသင်းရဲ့ဖော်ပြချက်အရ သေဆုံးမှုတစ်ကြိမ်အပါအဝင် ယာဉ်တိုက်မှုပေါင်း ၁၉ ကြိမ်၊ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေး အသင်းရဲ့ ဖော်ပြချက်မှာ သေဆုံးမှုတစ်ကြိမ်အပါ ယာဉ်တိုက်မှု ၁၀ကြိမ်ဖြစ်၊ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ဖော်ပြချက်အရ သေဆုံးမှုတစ်ကြိမ်နဲ့ယာဉ်တိုက်မှု ၂၀ ကြိမ်နဲ့ အမည်မဖော်လိုတဲ့ လူမှုကယ်ဆယ်ရေး အသင်းတစ်ခုရဲ့ ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှုပေါင်း ၁၃ ကြိမ်ဝန်းကျင်ဖြစ်ပွားခဲ့တယ်လို့သိရပြီး အားလုံးစုစုပေါင်း ယာဉ်တိုက်မှု ၆၂ ကြိမ် ဝန်းကျင်ဖြစ်ပွားခဲ့တာဘဲဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူတစ်ချို့ ပိုင်ရှင်မပေါ်ခဲ့သလို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသားတစ်ဦးရဲ့အလောင်းလည်း ပိုင်ရှင်မတွေ့ဘဲ မြုပ်နှံလိုက်ရတာတွေရှိတယ်လို့ လူမူကူညီရေးအသင်းတွေက ဆိုပါတယ်။

အခုလိုယာဉ်တိုက်မှုတွေ ဖြစ်တဲ့ထဲမှာ အသက်၂၀ ဝန်းကျင် လူငယ်တွေအများဆုံးပါဝင်ပြီး များသောအားဖြင့် သောက်စားမူးယစ်ပြီးမောင်းနှင်တဲ့သူတွေနဲ့ လမ်းဆုံနဲ့ လမ်းကြိုလမ်းကြားတွေမှာ စည်းကမ်းမဲ့အရှိန်နဲ့ မောင်းနှင်တဲ့သူတွေအဖြစ်များတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေက တာဝန်ရှိသူတွေပြောပါတယ်။

မြစ်ကြီးနားမြို့မှာ လွန်ခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလမှာတော့ ယာဉ်တိုက်မှုပေါင်း ၅၇ကြိမ်ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄ ဦးထိရှိခဲ့တာဘဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button