ဆန်းစစ်ချက် ဆောင်းပါးဆောင်းပါး

ဖက်ဒရယ်ဆိုတာ အားလုံးအတွက်ဖြစ်ပါတယ်

ဖက်ဒရယ်ကို တစိုက်မတ်မတ် တောင်းဆိုနေသူတွေဟာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေဖြစ်ပြီး ဗမာတွေက စိတ်ဝင်စားမှုမရှိခဲ့ဘူး။

“ဖက်ဒရယ်” လို့ ပြောရင် ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေ ခေတ်အဆက်ဆက်တောင်းဆိုနေတဲ့ “ခွဲထွက်ခွင့် သို့မဟုတ် နိုင်ငံတော်ပျက်စီးယိုယွင်းသွားမယ့်စနစ်” ဖြစ်တယ်လို့ ပြေးမြင်ကြတာ များပါတယ်။ ဒီလိုရှုမြင်ကြတာကလည်း အမှားတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင် ဖက်ဒရယ်ကို တစိုက်မတ်မတ် တောင်းဆိုနေသူတွေဟာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေဖြစ်ပြီး ဗမာတွေက စိတ်ဝင်စားမှုမရှိခဲ့ဘူး။ ဒီလိုနဲ့ဖက်ဒရယ်ဆိုတာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ကိစ္စလို့ ထင်လာခဲ့ကြတယ်။

ဖက်ဒရယ်အကြောင်းဆွေးနွေးမယ်ဆိုရင် ပင်လုံစာချုပ်ကို ပြန်လှန်ပြီးတော့ ရာဇဝင်ချီပြီး ပြောရမှာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်အရ ကချင်၊ ချင်း၊ ရှမ်း တောင်တန်းဒေသတွေဟာ ဗြိတိသျှအစိုးရကနေ သီးခြားလွတ်လပ်ရေးမယူဘဲ ဗမာ့နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ပြည်မနဲ့အတူ ရယူဖို့အတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ခေတ်အဆက်ဆက် တိုင်းရင်းသားတွေဘက်က ပင်လုံ သဘောတူညီချက်နဲ့ ကတိကဝတ်တွေကို အကောင် အထည်ဖော်ရေး၊ တစ်နည်းအားဖြင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေးတွေကို အခိုင်အမာပြု ပြောဆိုကြပါတယ်။

“ပင်လုံစာချုပ်ရဲ့ အဓိကအနှစ်သာရက ပြည်မနဲ့ပြည်နယ် တန်းတူရေးမှုကို အခြေခံတဲ့ဖက်ဒရယ်ပြည်ထောင်စုဖေါ်ဆောင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေ သဘောတူခဲ့တယ်။ ဒါကြောင့် တိုင်းရင်းသားတွေက လက်မှတ်ရေးထိုးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် သူ့ကို ဆက်ခံတဲ့ ဝန်ကြီးဦးနု ပင်လုံစိတ်ဓာတ်၊ပင်လုံအနှစ်သာရကို သွေဖီသွားပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်မှုကို ဖယ်ထုတ်ခဲ့တယ်။ဗမာပြည်မ နယ်မြေကို ပြည်ထောင်စု (ဗဟို) အာဏာနဲ့ တွဲလိုက်တဲ့ အတွက် ဗမာတိုင်းရင်းသား တွေဟာ တစ်ခြားတိုင်းရင်းသားတွေထက် အခွင့်အရေး ပိုရသွားခဲ့ပါတယ်။” လို့ ဖက်ဒရယ်အရေးလေ့လာတဲ့ ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ ၁၉၄၇ အခြေခံဥပဒေမှာ တိုင်းရင်းသားတွေအနေနဲ့ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ခွဲထွက်လိုပါက ခွဲထွက်ခွင့်ရတယ်လို့ ဖော်ပြထားတာကြောင့် ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုကနေ ခွဲထွက်ခွင့်လို့ တစ်လွှဲမှတ်ယူနေကြသူတွေလည်း ရှိနေပါတယ်။ ဒါတွေအားလုံးဟာ ဖက်ဒရယ်စနစ်ဆိုတာ တိုင်းရင်းသားတွေနဲ့သာ သက်ဆိုင်တဲ့အရာဖြစ်တယ်လို့ ရှု့မြင်စေတဲ့ မူလဇစ်မြစ်တွေလို့လည်း ဆိုနိုင်ပါတယ်။

သို့သော် ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေ ၁၀ နှစ်ပြည့်တဲ့အခါ ခွဲထွက်မယ့်အစား ၁၉၄၇ အခြေခံဥပဒေပြင်ဆင်ပြီး ပြည်ထောင်စုအတွင်း တစည်းတလုံးတည်း အတူနေထိုင်ရေးအတွက်သာလုပ်ဆောင်ခဲ့တာ သမိုင်းမှတ်တမ်းများအရ သိသာလှပါတယ်။၁၉၅၈ ခုနှစ် နောက်ပိုင်း ၁၉၄၇ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှု၊၁၉၆၁ တောင်ကြီးညီလာခံ၊၁၉၆၂ ခုနှစ် ဖက်ဒရဘ်ဆီမီနာတွေဟာ ထင်ရှားတဲ့သမိုင်းသာဒကတွေပါ။

အဲဒီလှုပ်ရှားမှုတွေဟာ ခွဲထွက်ဖို့မဟုတ် အတူနေဖို့ကြိုးပမ်းတဲ့လှုပ်ရှားမှုတွေပါ။ စင်စစ် ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးလို့ပြောတာ ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ စစ်တပ်နဲ့သူ့ကို ဆက်ခံသူအဆက်ဆက်ဖြစ်ပါတယ်။

တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ခွင့်မဟုတ်ဘဲ အမျိုးသားရေး တန်းတူ ညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်သာဖြစ်တယ်လို့ ဝါရင့်ကချင်နိုင်ငံရေးလေ့လာတဲ့ မြစ်ကြီးနားမြို့ခံတစ်ယောက်က အခုလို ပြောပါတယ်။

“ခွဲထွက်ဖို့ ဘယ်သူမှမပြောပါဘူး ကျနော်တို့တိုင်းရင်းသားတွေ တောင်းဆိုတာက တန်းတူ ညီမျှမှုလေးပါ ပြောချင်တာက ကိုယ်ပိုင်ပြဌာန်းခွင့် အမျိုးသားတန်းတူရေး ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်ဖို့ တောင်းဆိုတာဖြစ်ပါတယ်။ အဲလိုမတည်ဆောက်ရင် ဗမာတွေကဘဲ အားလုံးကို လွှမ်းမိုး ချုပ်ကိုင် ထားတော့ အဆင်မပြေဘူးလေနော် ဘယ်တိုင်းရင်းသားကမှ လက်ခံမှာမဟုတ်ဘူး”။

မြန်မာနိုင်ငံမှာ တန်းတူညီမျှမှုရဖို့ဆိုရင် ဗမာပြည်နယ်ဖွဲ့စည်းဖို့ လိုတယ်လို့ ဖက်ဒရယ်အရေး လေ့လာ သုံးသပ်သူ တွေက ဆိုကြသလို အာဏာသိမ်းပြီးနောက် ဆူဆူညံညံထွက်ပေါ်လာနေတာလည်းဖြစ်ပါတယ်။ “ပထမ အချက် က မြန်မာပြည်ဟာ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ဖက်ဒရယ်လုပ်ရတာ အဲတော့ ကျန်တဲ့ တိုင်းရင်းသားတွေမှာ ပြည်နယ်ရှိဖို့လိုအပ်သလို ဗမာမှာလည်း ပြည်နယ်ရှိဖို့ လိုအပ်တယ်။” လို့ ဦးခင် မောင်ဝင်းက ပြောပါတယ်။

အမှန်ကတော့ ဗမာပြည်ဖွဲ့စည်းရေးဟာ အသစ်ပေါ်ပေါက်လာတဲ့ကိစ္စမဟုတ်ပါ။ ဦးနုနဲ့ တိုင်းရင်းသား လူမျိုးစု တွေရဲ့ ဆွေးနွေးချက်ထဲမှာ ဗမာပြည်နယ်ဖွဲ့စည်းရေးကိစ္စ ပါဝင်ပါတယ်။တောင်ကြီးညီလာခံက အဆိုပြုချက် ၅ ခုထဲမှာလည်း ဗမာပြည်နယ်ဖွဲ့စည်းရေးဆိုတာပါတယ်။ Federal Constitution Drafting and Coordination Committee (FCDCC) ကရေးဆွဲထားတဲ့ အခြေခံဥပဒေမူကြမ်းမှာလည်း ဗမာပြည်နယ်ဖွဲ့စည်းရေး ပါရှိပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ် ဇူလိုင်လ၊ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပပြုလုပ်တဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရဲ့ မျက်နှာစုံညီအစည်းအဝေးမှာလည်း ဗမာပြည်နယ်ဖွဲ့စည်းရေးကို ကြေညာ ခဲ့ကြတဲ့ အပြင် အာဏာသိမ်းပြီးနောက်မှာတော့ ဗမာပြည်နယ်ဖွဲ့စည်းရေးက ပိုပြီးလူပြောများလာတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က တိုင်းရင်းသား တန်းတူညီမျှရေးအတွက် ဗမာပြည်ဖွဲ့စည်းရေးတင်ပြချက်ကို စစ်တပ်က ပယ်ချလိုက်တာ တွေလည်း ရှိနေပါတယ်။

စစ်တပ်က လက်မခံသေးတဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေးကို ဗမာလူထုတွေရာ ဘယ်လိုရှုမြင်နေကြပါသလဲ။ စစ်ကိုင်း- ကချင်အစပ် ကသာမြို့မှာနေထိုင်တဲ့ ဗမာလူမျိုးတစ်ယောက်ပြောတာကတော့ “ကျနော်ကတော့ ဗမာပြည်နယ်ဖွဲ့စည်းဖို့ဆိုတာ လက်ခံတယ်။ ဘာဖြစ်လို့လဲဆိုရင် ပထမတစ်ချက်က ကျနော်တို့ ဗမာတွေက သီးသန့်ဖြစ်သလိုခံစားရတယ် အမှန်ကတော့ ကျနော်နားလည်သလောက်ဆို ဗမာလည်းတိုင်းရင်းသားပါဘဲ။ ဒါပေမယ့် ခုက ခွဲခြားဆက်ဆံခံရသလိုသလိုဖြစ်တယ်။ နောက်တစ်ခုက ဖက်ဒရယ်ပဲ ပြောပြော ဒီမိုကရေစီပဲ ပြောပြော ကျနော်တို့ဗမာတွေအတွက် မပါသလို မဟုတ်သလိုခံစားရတယ်။ တိုင်းရင်းသားတွေနဲ့ပဲ ဆိုင်သလိုလို ဖြစ်နေတာကျနော်တို့စိတ်ထဲမှာ အဲကြောင့် ဗမာပြည်နယ်ရှိကိုရှိသင့်ပါတယ်”။

ဖက်ဒရယ်ဆိုတာဘာလဲ

အဲတော့ တန်းတူရေးကို အခခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ဖို့ဆိုရင် ဖက်ဒ ရယ် ရဲ့သဘောသဘာဝကို နားလည်ဖို့လည်း လိုအပ်ပါတယ်။ ဖက်ဒရယ်ဆိုတာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့်အပေါ်မှာ အခြေခံတဲ့ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရကြား အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးနဲ့ အခွန်ဘဏ္ဍာခွဲဝေရေး ကိစ္စရပ်တွေကို ဗဟိုအစိုး ရနဲ့ ပြည်နယ် အစိုးရတွေအကြား ခွဲဝေသုံးစွဲတဲ့ နိုင်ငံရေးစနစ်တစ်ခုဖြစ်ပါတယ်။

အချုပ်ပြောမယ်ဆိုရင် တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စကို စီမံခန့်ခွဲအုပ်ချုပ်မယ့် ဗဟိုအစိုးရက ဖက်ဒရယ်အစိုးရဖြစ်လာပြီး ပြည်နယ်တွေနဲ့သီးသန့်ဆိုင်တဲ့ကိစ္စတွေကို သီးခြားစီမံခန့်ခွဲတဲ့အစိုးရက ပြည်နယ်အစိုးရဖြစ်ပါတယ်။လိုရင်းတိုရှင်း ပြောရမယ်ဆိုရင် ဖက်ဒရယ်ဆိုတာ အာဏာဝေခွဲတဲ့ နိုင်ငံရေးစနစ်တစ်ခု ဖြစ်ပါတယ်။

ဖက်ဒရယ်စနစ်မှာ ဗဟိုအစိုးရ ( သို့မဟုတ်) ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား အပြန်အလှန် စေ့စပ်ညှိနိုင်းပြီး အာဏာခွဲဝေအုပ်ချုပ်ပါတယ်။ အာဏာခွဲဝေရေးမှာ ဗဟိုအစိုးရက နိုင်ငံတစ်ခုလုံးနှင့်လွှမ်းခြုံတဲ့ တပြေးညီထားရှိရမည့် ငွေကြေးပိုင်းဆိုင်ရာ၊ နိုင်ငံတကာဆက်ဆံရေး အစရှိသဖြင့်ကိစ္စအဝဝကို စီမံခန့်ခွဲခွင့် ရှိသလို ပြည်နယ်အစိုးရမှာတော့ ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုဖန်တီးခွင့်ကို အခြေ ခံကာ စာပေ၊ ဘာသာစကား၊ ယဉ်ကျေး မှုကနေစလို့ စာသင်ကျောင်းဆောက်လုပ်တာ၊ ပြည်နယ်အဆင့်နှင့် တရားဥပဒေပြုရေးနှင့်တရားစီရင်ရေးစတဲ့ ပြည်နယ်တွင်းကိစ္စရပ်များနှင့် စပ်လျဥ်းလို့ မူဝါဒချမှတ်ပိုင်ခွင့်၊ ကျင့်သုံးပိုင်ခွင့် ရှိရမှာဖြစ်ပါတယ်။

ဒီအစိုးရအသီးသီးရဲ့ လုပ်ပိုင်ခွင့်အာဏာကို သတ်သတ်မှတ်မှတ် တရားဝင်အသိအမှတ်ပြုဖို့အတွက် ဗဟိုအစိုးရ အခြေခံဥပဒေနဲ့ ပြည်နယ်အစိုးရအခြေခံဥပဒေဆိုပြီး ကနဦးအရင်ဆုံး ပြဌာန်းရတယ်။ ဒီလိုနဲ့ ဖယ်ဒရယ် အခြေခံ ဥပဒေအရ သတ်မှတ်ပိုင်းခြားထားတဲ့ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ပြည်နယ်တွေရှိမယ်။ ပြည်နယ်တွေမှာလည်း ပြည် နယ်အလိုက် စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု စတာတွေပေါ် အခြေခံပြီး ပြည်နယ်အလိုက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး လုပ်ပိုင်ခွင့်တွေလည်းရှိမယ်။

ကိုယ်ပိုင်အခြေခံဥပဒေနဲ့ လွတ်လပ်စွာ မိမိတို့ လူမျိုးစုများအလိုက် ပြည်နယ်များကို စီမံအုပ်ချူပ်ပြီး မိမိတို့ တစ်ပြည်နယ်ချင်း ဆောင်ရွက်လို့မရတဲ့ ကိစ္စရပ်တွေကို ဗဟိုအစိုးရက လွှဲပြောင်းဆောင်ရွက်ပေးရတယ်။

ဒါကို ဗဟိုအစိုးရနဲ့ပြည်နယ်တွေကြားမှာ ဖယ်ဒရယ်စနစ်အရ အတူတကွ ပူးပေါင်းအုပ်ချုပ်ခြင်းလို့ နားလည် ထားလို့ရတယ်။ ဒီပြည်နယ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကို ဖယ်ဒရယ်ပြည်ထောင်စုလို့ ခေါ်ပါတယ်။

ဖက်ဒရယ်နိုင်ငံနဲ့ လွှတ်တော်

ဖက်ဒရယ်နိုင်ငံတိုင်းမှာ အောက်လွတ်တော်နဲ့ အထက်လွတ်တော်ဆိုပြီး လွတ်တော် ၂ ရပ်ရှိပါတယ်။ အထက် လွှတ်တော်ဟာ ပြည်ထောင်စုအတွင်းမှာရှိနေတဲ့ ပြည်နယ်တွေနဲ့လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အခြားအခွင့်အရေးတွေကို ကာကွယ်ပေးရတယ်။အများအားဖြင့် ပြည်နယ်အားလုံးတန်းတူကိုယ်စားပြုခွင့်ရကြတယ်။ အမေရိကန်ပြည်ထောင်စုက ဆီးနိတ် (Senate) အထက်လွတ်တော်ကို ဒီနည်းနဲ့ဖွဲ့စည်းတယ်။ဦးခင်မောင်ဝင်းကတော့ အထက်လွတ်တော်ဟာ ဖက်ဒရယ်လွှတ်တော်ဖြစ်တယ်လို့ တင်စားခေါ်ဝေါ်တယ်။

အောက်လွှတ်တော်ကတော့ ပြည်နယ်အလိုက် လူဦးရေအပေါ်အခြေခံပြီး ကိုယ်စားပြဒီမိုကရေစီစနစ် (Representative) အတွက်ရွေးကောက် တင်မြောက်ရတဲ့ လွှတ်တော်ဖြစ်ပါတယ်။ လူဦးရေများတဲ့ ပြည်နယ်တွေက များများ ကိုယ်စားပြုခွင့်ရတယ်။ ဒါကြောင့် အောက်လွှတ်တော်ကို ဒီမိုကရေစီလွှတ်တော်လို့ တင်စားခေါ်ဝေါ်နိုင်ကြောင်း ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဒီလွှတ်တော် ၂ ရပ်မှာ အထက်လွှတ်တော်က ပြည်နယ်တွေရဲ့အကျိုးစီးပွားတန်းတူ ထိန်းသိမ်းနိုင်ဖို့အတွက် အောက်လွှတ်တော်ကို ထိန်းကျောင်းပေးရတာဖြစ်ပါတယ်။ ဘာလို့ ထိန်းကျောင်းဖို့လိုအပ်တာလဲ မေးခွန်း မေးစရာရှိပါတယ်။ လူဦးရေများတဲ့ပြည်နယ်ကြီးတွေက ပြည်နယ်လေးတွေကို အနိုင်မကျင့်ဖို့နဲ့ တန်းတူညီမျှရေး ကို ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်လို့ ဖက်ဒရယ်အရေးလေ့လာသူ ဦးခင်မောင်ဝင်းက ပြောပါတယ်။ “အောက်လွှတ် တော်ဆိုတာ ဒီမိုကရေစီလွတ်တော် တစ်နိုင်ငံလုံးမှာ လူဦးရေအပေါ် ကိုယ်စားပြု တဲ့ လွတ်တော် လူဦးရေများရင် အောက်လွတ်တော်မှာ ကိုယ်စားလှယ်များများရတယ်။ လူဦးရေနည်းရင် ကိုယ်စားလှယ်နည်းနည်းရတယ် အဲဒါ က သဘာဝကျပါတယ်။ ဒီမိုကရေစီနည်းအရ လူထုကိုယ်စားပြုလုပ်ထားတာဖြစ်တဲ့တွက် အနည်းများ ကွာ တယ်။

အထက်လွတ်တော်မှာ ပြည်နယ်တွေရဲ့ တန်းတူညီမျှမှုကို ထိန်းညှိပေးတဲ့အတွက် အထက်လွတ်တော် မှာကျတော့ ပြည်နယ်တိုင်းက တန်းတူညီတူ ကိုယ်စားပြုခွင့်ရှိဖို့လိုအပ်တယ်။ ဥပမာ ပြည်နယ်ကြီးရင်လည်း ၁၀ ယောက်၊ ငယ်ရင်လည်း ၁၀ ယောက် အားလုံးတန်းတူညီတူ ကိုယ်စားပြုခွင့်လိုအပ်တယ်။ အဲဒီလိုဆိုရင် တန်းတူ ညီမျှမှုကို ထိန်းချုပ်ပေးလို့ရတယ်။ ဥပဒေပြုတဲ့အခါ ပြည်နယ်ကိုယ်စားပြုမှုကွာဟမှုရှိတဲ့ အောက်လွှတ်တော်တစ်ခုတည်းက အတည်ပြုလို့မရပါ။ အထက်လွှတ်တော်ကပါ အတည်ပြုရတယ်။ ဒီအခါ အထက်လွှတ်တော်မှာက ပြည်နယ်ကိုယ်စားပြုမှုတန်းတူဖြစ်နေတော့ ဘယ်ပြည်နယ်ကမှ လက်ဝါးကြီးအုပ်လို့မရဘူး၊တန်းတူဖြစ်နေတယ်။ ဒီနည်းနဲ့ပြည်နယ်တွေ တန်းတူညီမျှမှုကို ထိန်းကျောင်းနိုင်တယ်”

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အိမ်မက်

ဖက်ဒရယ်ယူနစ်ထဲမှာ စုံလင်ကွဲပြားတာ လူတွေအားလုံးအတွက် အခွင့်အရေးတွေကို မျှတကောင်းမွန်တဲ့စနစ်နဲ့ ထိန်းကွပ်ပေးဖို့ လိုပါတယ်။ ယုံကြည်ကိုးကွယ်မှု၊ လူမျိုးအရဖြစ်စေ၊ ဘာသာစကားအရဖြစ်စေ မသန်စွမ်းဖြစ်စေ လူတွေအားလုံးတွက် တရားဥပေဒရှေ့မှာ တန်းတူအခွင့်ရေးနဲ့အတူ ကာကွယ်စောင့်ရှောက်မှုတွေ ထိန်းကွပ် ပေးဖို့လိုပါတယ်။ အလားတူ ဒီနိုင်ငံရဲ့ဖြစ်တည်မှုသမိုင်းကြောင်းနဲ့ ပြည်တွင်းစစ်သမိုင်းအပါအဝင် ပဋိပက္ခ အားလုံးရဲ့ အရင်းအမြစ်ကို ခြုံကြည့်ရင် လူမျိုးရေး ပြသနာဟာအဓိကဖြစ်နေတာ တွေ့ရပါတယ်။

ဒါကို ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားတွေအားလုံးဟာ ဝိုင်းဝန်းအဖြေရှာ ဖြေရှင်းဖို့လိုအပ်တယ်။ ဒီလို ဖြေ ရှင်းတဲ့နေရာမှာ ပထဝီအရရော လူမျိုးရေးအရ ထည့်သွင်းစဉ်းစားကြရမှာဖြစ်သလို အမျိုးသားတန်းတူရေး အကောင်ထည်ဖော်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အများပြည်သူတွေအတွက် အကျိုးမရှိဘဲ လူတစ်ဆုပ်စာ စစ်တပ်ရဲ့ ကိုယ်ကျိုးအတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ တည်ဆောက်ထားတဲ့ ပုံဖျက်ခံထားရတဲ့ နိုင်ငံရေးအဆောက်အအုံဟောင်းတစ်ခုလုံးကို ခွာချဖြိုဖျက်ပြီး သမိုင်းသံသရာဆိုးကနေ လွတ်မြောက်ဖို့ လိုပါတယ်။

တကယ်တော့ ဖက်ဒရယ်ဆိုတာ မတူကွဲပြားတဲ့ လူမျိုးစုတွေအားလုံး တန်းတူညီတူနဲ့ အတူနေဖို့ လမ်းကြောင်း တစ်ခုဖြစ်ပါတယ်။

ဇမီ

Show More

Related Articles

Back to top button