သတင်း

ဖားကန့် နမ့်တိန်နဲ့ ဝှေခါမှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက် စခန်းမှူးအရှင်ဖမ်းမိ

ဖားကန့်မြို့နယ်မှာရှိတဲ့ နမ့်တိန်တပ်စခန်းနဲ့ ဝှေခါ စစ်ကောင်စီ တပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဝှေခါစခန်းမှူးတစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ KPDF တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

ဇန်နဝါရီလ ၆ ရက် ဒီကနေ့ မနက်ပိုင်းအစောပိုင်းကနေ တပြိုင်နက် စခန်းသိမ်းတိုက်အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ၉ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ KPDF တာဝန်ရှိသူက ခုလိုပြောပါတယ်။

အားလုံးသိမ်းလိုက်နိုင်ပြီဗျ ဒီမနက်ကနေ တစ်ပြိုင်ထဲ ဝင်တိုက်တာ ခုအားလုံးသိမ်းပြီ စခန်းမှူးကိုလည်း အရှင်ရထားတယ်။ နောက်ထပ်ပြေးသွားတဲ့ဟာတွေတော့ လိုက်ဖမ်းနေတယ်လို့ပြောပါတယ်။

ဖားကန့်သွားလမ်းမပေါ် နန့်ယားကျေးရွာအထက်မှာရှိတဲ့ နမ့်တိန်စစ်ကောင်စီတပ်စခန်းကို ၆ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖားကန့် ဆိုင်းတောင်အုပ်စု ဝှေခါတပ်စခန်းကို မနက်ပိုင်း ၅ နာရီလောက်မှာ တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒီကနေ့မနက် တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ နန့်တိန်းစခန်းဟာ မြစ်ကြီးနားဖားကန့်သွားတဲ့လမ်းမပေါ်မှာရှိတဲ့ ကြားစခန်းဖြစ်ပြီး၊ဝှေခါတပ်စခန်းဟာ ဝှေခါမှော်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့အပြင် ဖားကန့်မြို့ စစ်ဗျူဟာကုန်းအတွက်လည်း လုံခြုံရေးယူပေးတဲ့ တပ်စခန်းကြီးတစ်ခုဖြစ်ကာ ဆယ်စုနှစ်အထိုင်ချထားတဲ့ စခန်းကုန်းဖြစ်ပါတယ်။

ဒါ့အပြင်ဝှေခါရဲစခန်းကိုလည်း တစ်ပါတည်းတိုက်ခိုက်သိမ်းပ်ိုက်ထားနိုင်ပြီလို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ KIA,PDF ဘက်က ၃ ဦးထိခိုက်ဒဏ်ရာရရှိထားပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတာများပေမယ့် နယ်မြေရှင်းလင်းရေးလုပ်နေသေးတာကြောင့် အသေးစိတ်‌မသိရသေးပါဘူး။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ နှစ်ဆန်းပိုင်းလောက်နေ ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းနေရာတွေကို ဝင်ရောက်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ သိရပြီး လုပ်ငန်းစတင်လိုက်တာ ဖြစ်နိုင်တယ်လို့ ဖားကန့်ဒေသခံပြည်သူတွေကိုလည်း သတိထားနေထိုင်ကြဖို့ ပြောဆိုထားတာလည်းရှိတယ်လို့ ဖားကန့် ဆိုင်းဖရာဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။

တပ်စခန်းတွေကို သူတို့ လုပ်ငန်းဝင်ဖို့ စီစဉ်ထားပြီး ပြောဆိုထားတာရှိပါတယ်။ အဲ့ဒါဒီမနက်က စလိုက်တယ်လို့ ထင်ပါတယ်။ ပြောဆိုထားတယ်ဆိုပေမယ့် ပေါ်ပေါ်ထင်ထင်ပြောဆိုတာမျိုးတော့မဟုတ်ဘူး။ သူတို့ရဲ့ ပုံစံက ဖားကန်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အကုန်ဝင်သိမ်းဖို့လုပ်နေတဲ့သဘောပါပဲလို့ပြောပါတယ်။

အခုလို နမ့်တိန်နဲ့ ဝှေခါကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဖားကန့်ဒေသခံတစ်ချို့ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး ဖားကန့်သွား လမ်းမပေါ်မှာရှိတဲ့ ခွန်ဆိုင်ဇွပ်၊ ဆိုင်းဖရာ၊ ဂတ်နွယ်၊ တံတားညီနောင် စတဲ့ကျေးရွာနေပြည်သူတွေကလည်း ထပ်မံတိမ်းရှောင်နေရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button