ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ထိန်းချုပ်ထားတဲ့ နမ်တိန့်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် ဖားကန့်–နန့်တိန်းကြားလမ်းပိုင်း သွားလာခွင့်ကို အချိန်ကန့်သတ်ထားတယ်လို့သိရပါတယ်။
“မနက်ခင်းပိုင်းဖွင့်တယ် မနက် ၁၀ နာရီ ၁၁ နာရီ တော့အဆင်းကားတွေကော အတက်ကားတွေကောသွားခွင့်ပေးတယ်။ ၁၂ နာရီနောက်ပိုင်းကတော့ ပြည်သူလူထုအန္တာရယ်ဖြစ်မှာဆိုးလို့ ခရီးသည်ကားတွေ၊ခရီးသည်တွေလက်နက်ကြီးထိမှန်မှာဆိုးလို့ဆောင်ရွက်တာဖြစ်မှာပါ”လို့ KPDF တာဝန်ရှိသူက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ KIA၊KPDF ပူး ပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ နမ်တိန့်ကျေးရွာကိုလက်ရှိချိန် ထိKIA၊KPDF တပ်တွေထိန်းချုပ်ထားဆဲဖြစ်ပြီး အဲ့ဒီနမ်တိန့် ဘက်ကို ဖားကန့်ဗျူဟာကုန်းကနေ ဒီမနက်ပိုင်းထိလက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ကန့်သတ်ထားရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နန့်တိန်းဘက်ကို မနေ့ည ပိုင်းမှာလည်း လက်နက်ကြီး အချက်ပေါင်း ၃၀ ထက်မနည်းပစ်ခတ်ခဲ့သလို ဒီနေ့မနက်မှာလည်း ၃လုံးပစ်ခတ်ခဲ့ပြီး ရှေ့ရက်တွေမှာလည်း ညပိုင်းတွေမှာလက်နက်ကြီးတွေပုံမှန်ပစ်ခတ်နေတာလို့သိရပါတယ်။
“သိမ်းဆည်းရမိတဲ့နောက်ပိုင်းကနေအဲ့လမ်းကြောတစ်လျှောက်လုံးကို KIA၊KPDF တွေထိုင်ထားတာလေး အေအဲ့ဒီဘက်ကို စစ်ကောင်စီတပ်ကဖားကန့်ဗျူဟာကုန်းကနေ့တိုင်းလိုလိုလက်နက်ကြီးတွေ လှမ်းလှမ်းထု နေတာ။ဖားကန့်–နမ်တိန့်တောင်ကြားလမ်းတွေကိုဒီဘက်(KIA၊KPDF)တွေထိန်းချုပ်ထား ပါတယ်။ ၁၂ နာရီနောက်ပိုင်းကနေလမ်းကြောပိတ်ပါတယ်”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်က နမ်တိန့် ဘက်က်ိုပစ််ခတ် နေတဲ့လက်နက်ကြီးတွေဟာ နမ်တိန့် –ဖားကန့်ကြားက ဖားကန့်နဲ့ ငါးမိုင်ကျော်ဝေးတဲ့ ကျောက်ဖျာ၊ ငါးမိုင်စတဲ့နေရာတွေမှာ ကျရောက်ပေါက်ကွဲ တာကြောင့်ထိခိုက်မှုတော့မရှိသေးဘူးလို့သိရပါတယ်။
နမ်တိန့် ကျေးရွာနေပြည်သူတွေဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့မတိုင်မီကည်းကနေ ဘေးလွတ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲကိုထွက်ပြေးတိမ်းရှောင်သွားကြပြီးလက်ရှိကျေးရွာကို KIA၊KPDF ထိန်းချုပ်ထားပေမယ့် စစ်ကောင်စီဘက်ကထိုးစစ်ရှိလာနိုင်တာကြောင့်နေရပ်မပြန်သေးဘဲဆက်ပြီးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။
ဖားကန့်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝှေခါဗျူဟာကုန်းကို KIA၊KPDF တပ်တွေက ဇန်နဝါရီ ၂၀ ရက်နေ့မနက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
By – Zaw Zaw