တိုက်ပွဲသတင်း

ခယာဘွမ့်(Hka Ya Bum)အနီး စစ်ကောင်စီတပ်နဲ့ KIA တို့ကြား တိုက်ပွဲဖြစ်ပွား

မြစ်ကြီးနားဗန်မော်ကားလမ်း ဒေါ့ဖုန်းယန်အထက်မှာရှိတဲ့ ခယာဘွမ့် အနီးတဝိုက်မှာ အင်တပ့်ဘွမ့်(Ntap Bum) ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေ ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွှဲ ၂ နာရီလောက်မှာ အင်တပ့်ဘွမ့် စစ်ကောင်စီတပ်စခန်းနေရာကနေ စစ်အင်အား ၅၀ ဝန်းကျင်လောက်က ခယာဘွမ့်ဘက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားလာတာကြောင့် KIA တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ၃ ကြိမ်အထက် ဖြစ်ပွားခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေါ့ဖုန်းယန် ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာက နားလုံနဲ့ရှဒန်ပါ အင်တပ့်ဘွမ့်တောင်ခြေအောက်နားမှာဖြစ်တယ်။ ညနေပိုင်း ၂ နာရီလောက်ကနေ ထိတွေ့တိုက်ပွဲက ၃ ကြိမ်လောက်ဖြစ်ပွားတယ်။ ပြန်ပစ်လိုက် နားလိုက်နဲ့ ဖြစ်ကြတာ။ စစ်တပ်ဘက်က ထိခိုက်မှုတော့ရှိတယ်လို့ပြောပြကြားရတယ်။ အသေးစိတ်တော့ မသိရသေးဘူးလို့ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ခရ လ၂၃၆ တပ်ဖွဲ့တွေဖြစ်ပြီးတော့ ခယာဘွမ့်တပ်စခန်းရှိတဲ့ဘက်ကို ဦးတည်ပြီး ဆင်လာတဲ့အချိန်မှာ KIA တပ်ရင်း ၂၄ အဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ မြစ်ကြီးနားဗန်းမော်လမ်းတစ်လျှောက်မှာ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ အဲဒီ လမ်းကြောင်းတစ်လျှောက် တစ်နှစ်လုံးပတ်လုံး စစ်ကောင်စီတပ်နဲ့ KIA တို့ကြား တိုက်ပွဲဒေသဖြစ်ပွားခဲ့ပါတယ်။

ခုလို စစ်ကောင်စီတပ်ဘက်ကနေ စစ်ရေးလှုပ်ရှားတာတွေ ထပ်မံရှိလာတာကြောင့်တိုက်ပွဲတွေပြန်လည် ဖြစ်ပွားလာမှာကို အဲဒီဒေသမှာရှိတဲ့ ကျေးရွာအလိုက် ဒေသခံပြည်သူတွေက စိုးရိမ်နေကြတာလည်းရှိနေပါတယ်။

ဒီနှစ်မှာ ဒေါ့ဖုန်းယန်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ချို့နေရာတွေဟာ ပြန်လည်ဆုတ်ခွာသွားဖို့ ရှိနေသလို တစ်ချို့တပ်နေရာတွေကို KIA ဘက်က စခန်းသိမ်းတိုက်ပွဲအဖြစ် ဖော်ဆောင်လာနိုင်တဲ့အတွက် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်တယ်လို့လည်း ဒေသခံတစ်ယောက်က သုံးသပ်ပြောဆိုပါတယ်။

ဒီဘက်က အခြေအနေကလေ ကြားရသလောက်က သတိထားပြီးနေရမယ့် အနေအထားတော့ဟုတ်တယ်။ အခုလောလောဆယ် ငြိမ်နေကြတယ်ဆိုပေမယ့် အားလုံးက တိုက်ပွဲတွေပြန်ဖြစ်လာမယ်လို့ပဲကြောက်နေကြတယ်။ ဘာလို့လဲဆိုတော့ KIA ဘက်ကနေ မထင်ရင် မထင်သလို စစ်တပ်ရဲ့စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တာတွေ နေရာတကာမှာဖြစ်နေတော့ ဒီမှာလည်း မဖြစ်ဘူးလို့ ပြောလို့မရဘူး။ အားလုံးက သတိထားပြီးနေရတာပဲလို့ပြောပါတယ်။

မြစ်ကြီးနားဗန်းမော်လမ်းမကြီးကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လလောက်ကတည်းက စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်လာတာကြောင့် သွားလာခွင့်ပိတ်ဆို့ထားတာ ၈ လလောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားတာတွေ မရှိသေးပေမယ့် စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ကြား စစ်ရေးတင်းမာမှု ဆက်လက်ရှိနေပြီး အချိန်အခါမရွေး တိုက်ပွဲပြင်းထန်လာနိုင်တဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button