သတင်း

လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် ဖားကန့် ပြည်သူတွေ အခက်အခဲကြုံတွေ့နေရ

ကချင်ပြည်နယ် ဖားကန့်ဒေသတစ်ခုလုံးမှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်ပတ်နီးပါးရှိလာနေတဲ့အတွက် ပြည်သူ‌တွေ အစစအရာရာခက်ခဲလာနေတယ်လို့ ဖားကန့်နေပြည်သူတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်တွေက နန့်တိန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် စစ်တပ်က နန့်တိန်းဘက်ကို လက်နက် ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာကြောင့် နန့်တိန်းတစ်လျှောက်ရှိ မိုးကောင်းဖားကန့်လိုင်း ဓာတ်အားလိုင်းကြိုးများပြတ်ပြီး ဓာတ်တိုင်များ ကျိုးကျ ပျက်စီးတာတွေရှိနေတဲ့အတွက် လျှပ်စစ်မီးပြတ်တောက်နေတာလို့ သိရပါတယ်။

ခုလို လျှပ်စစ်မီးများပြတ်တောက်တာ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ အခက်အခဲတွေရှိလာတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

နဂိုကတည်းက ဖားကန့်က အခြားဒေသတွေထက် အစစ၊ အရာရာ ကုန်ဈေးနှုန်းကြီးတဲ့ဒေသပေါ့၊အခုလို မီးမလာတာတွေ ကြာလာခဲ့ရင်၊မီးစက်တွေမောင်းရတော့မယ်၊အခုတောင် ကျွန်တော်တို့ဆိုင်မှာ မီးစက်မောင်း‌ပြီး၊ ဖုန်းအားသွင်းဖို့ လုပ်ပေးထားရတယ်လို့ ဖားကန့်မြို့မှာ လက္ဘရည်ဆိုင် ဖွင့်လှစ်ရောင်းချနေသူ ကိုမောင်မောင်(အမည်လွှဲ)ကပြောပါတယ်။

လက်ရှိ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဖားကန့်နေပြည်သူတွေဟာ အင်တာနက်လိုင်းတွေရနေပေမယ့် ဖုန်းအားသွင်းဖို့လည်း ခက်ခဲနေတာကြောင့် သတင်းသိရှိရမှု နှောင့်နှေးလာတယ်လို့ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့နယ်ဟာ လက်ရှိကချင်ပြည်နယ်တစ်ခုအတိုင်းတာနဲ့ စစ်တပ်နဲ့KIA,PDF တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့နေရာလည်းဖြစ်သလို တိုက်ပွဲကြောင့် မြစ်ကြီးနားဖားကန့်လမ်းလည်း အချိန်ကန့်သတ်ထားရတာကြောင့် အခြေခံစားသောက်ကုန်တွေလည်းဈေးအဆမတန်မြင့်တက်နေတဲ့နေရာလည်း ဖြစ်ပါတယ်။

ဒီမှာက တစ်ခြားနေရာနဲ့မတူဘူး အစကတည်းက ကုန်ဈေးနှုန်းက တက်နေတာ ခုမီးကလည်းကြာမယ့်သဘောရှိနေတယ်။ ပိုခက်တာပေါ့ ဖုန်းအားကမရှိကျောက်သွေးတာလည်း မသွေးရ ပိုဆိုးလာတယ်လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဖားကန့်ဒေသမှာ ဖေဖော်ဝါရီ ပထမ ရက်အတွင်း လူသတ်လုယက်မှုတစ်ကြိမ်၊ နေအိမ်အတွင်းဝင်‌ရောက်လုယက်မှု တစ်ကြိမ်ဖြစ်ပေါ်ခဲ့ရာ ညအချိန်ကာလတွေရောက်တိုင်း စိုးရိမ်စွာနေထိုင်နေရတယ်လို့ လုံးခင်း‌ဒေသခံတစ်ဦးက ပြောပါတယ်။

တရားဥပဒေက မရှိသလောက်ဖြစ်သွားပြီ၊အခုလိုကာလမှာ ညရောက်တာနဲ့ အိမ်အပြင်ကို ထွက်ဖို့ မသင့်တော့ဘူး၊ဒုစရိုက်မှုမျိုးစုံ လုပ်ဖို့ အကောင်းဆုံး အနေအထား ဖြစ်နေပြီဟု လုံးခင်းကျေးရွာနေ ပြည်သူတစ်ဦးက ပြောပါတယ်။ 

ဖားကန့်ဒေသတွင်၂၀၁၅ ခုနှစ်မတိုင်ခင် ပုဂ္ဂလိက ကုမ္ပဏီတွေက အခကြေးငွေရယူပြီး လျှပ်စစ်မီးပေးခဲ့တာလို့သိရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်မှာလျှပ်စစ်မီးစတင်အသုံးပြုနိုင်ခဲ့တာဖြစ်တယ်လို့ သိရတယ်။

လက်ရှိအခြေနေအရ လျှပ်စစ်မီး အမြန်ဆုံးပြန်လည်ရရှိဖို့ ပြုပြင်ဆောင်ရွက်နေပြီး ဖေဖော်ဝါရီလကုန်အထိ ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ ဖားကန့်မြို့နယ်လျှပ်စစ်ရုံးနဲ့နီးစပ်သူတွေကဆီက သိရပါတယ်။

By – NY

Show More

Related Articles

Back to top button