တိုက်ပွဲသတင်း

ကောလင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အရပ်သားနေအိမ်တွေမီးရှို့ဖျက်ဆီး

စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား မတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ ဒီကနေ့မနက်ပိုင်းအထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့နယ် အနောက်ခြမ်းက ကျောက်ကာ၊မင်းကုန်း နဲ့ ဖန်းခါးကုန် ရွာက နေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီးတော့ ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေမှာ အထိုင်ချနေချိန် ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ကောလင်းခရိုင်ပအဖအဖွဲ့က တာဝန်ရှိသူတစ် ယောက်က ပြောပါတယ်။

မနေ့ကတိုက်ပွဲစဖြစ်တာပါ ကောလင်းအနောက်ခြမ်းကနေအိမ်တွေကိုမီးရှို့ပြီးတပ်စွဲဖို့ပြင်ဆင်နေတဲ့ စကစ အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာပါ စကစဘက်ကတော့အထိနာတယ်လို့သိရတယ် ဒီနေ့လည်း မနက်ပိုင်းကတည်း ကနေ ထိတွေ့မှုဖြစ်နေတယ် ဒီနေ့အခြေနေကိုတော့ မသိရသေးပါဘူးလို့ပြောပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ဘက်က ၂၀ ခန့်ထိခိုက်သေဆုံးတယ်လို့သိရ ပြီး ကာကွယ်ရေးတပ်တွေဘက်ကတာ့ ၈ ယောက်ဒဏ်ရာရရှိခဲ့ပြီး တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်တွေဘက်က ကောလင်းခရိုင် တပ်ရင်း၂၊ ကန့်ဘလူခရိုင် တပ်ရင်း၁၊ ခရိုင်ပကဖ၊ ကောလင်းဇုံ ၃၊၅၊၆ ၊ ပကဖလက်နက်ကြီးအဖွဲ့တွေနဲ့ ယင်းမာပင်ပူးပေါင်းအဖွဲ့တွေပါဝင်တိုက်ခိုက် ခဲ့ကြတယ်လို့ ကောလင်းခရိုင်တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကတော့ စစ်ကောင်စီတပ်ဘက်က ကောလင်းအနောက်ဘက်ခြမ်းက ရွာတွေကို ဒရုန်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားစစ်ရှောင်တစ်ယောက် သေဆုံးခဲ့ရပါသေးတယ်။

စစ်ကောင်စီတပ်တွေဟာ မန္တလေးနဲ့ ရွှေဘိုကြား သူတို့စိုးမိုးမှုအားကောင်းတဲ့ရွာတွေမှာ အထိုင်ချပြီးတော့ မန္တလေးကနေ ကချင်ပြည်နယ်အထက်ဘက်ကိုတက်လာတဲ့ကားတွေကိုအဓိကထားစစ်ဆေးတာမျိုးတွေရှိပြီးတော့ အစစ်အဆေးတွေတင်းကြပ်နေသလို ကာကွယ်ရေးတပ်တွေနဲ့လည်း မကြာခဏတိုက်ပွဲတွေ ဖြစ်ပွား နေပါတယ်။

By – အမိုး

Show More

Related Articles

Back to top button