ဆားမှော်တိုက်နယ်မှာ ဘာသာရေးဆရာ ၃ ဦးနဲ့အရပ်သားတစ်ချို့ကိုစစ်တပ်ဖမ်းဆီးထား
မိုးကောင်းမြို့နယ် ဆားမှော်တိုက်နယ်မှာ ဘာသာရေးဆရာ ၃ ဦးနဲ့အရပ်သားတစ်ချို့ကို စစ်တပ်ကဓားစာခံအဖြစ်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မတ်လ ၃၁ ရက်နေ့ မနေ့ညနေ ၃ နာရီဝန်းကျင် ဆားမှော်တိုက်နယ်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည် ဖမ်းဆီးခံသွားရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဆားမှော် ရပ်ကွက် ၅ မှာရှိတဲ့ ICM ဘုရားကျောင်းဝင်းမှာ သတို့သမီးအပ်နှင်းဆုတောင်းပွဲလုပ်နေချိန် ဘာသာရေးဆရာအပါအဝင် အမျိုးသမီးလူကြီးလူငယ်အားလုံးပေါင်း ၆၀ ဝန်းကျင်ဖမ်းဆီးသွားတဲ့အပြင် နောက်ထပ်ရပ်ကွက်တစ်ချို့က အရပ်သား ၈ ဦး စုစုပေါင်း ၇၀ ဝန်းကျင်ကိုဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဧပြီလ ၁ ရက်နေ့ မနက်မှာတော့ဖမ်းသွားတဲ့သူတွေထဲက အရပ်သားတွေကိုပြန်လွတ်ပေးခဲ့ပေမယ့် ကချင်ခရစ်ယာန်ဘာသာရေးဆရာ ၃ ဦးကိုဓားစာခံအဖြစ်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဆားမှော်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။
“သူတို့ က KBCက သင်းအုပ်ဆရာတစ်ဦးနဲ့ ICM (Independent Chruch Mission ) ကသင်းအုပ်တစ်ယောက်နဲ့ သင်းထောက်ဆရာတစ်ယောက် စုစုပေါင်း ၃ ယောက်ကိုတော့ ဖမ်းသွားတယ်။ ပြီးတော့ နောက်ထပ် ICM အသင်းတော်က ဆရာနှစ်ယောက်ကို သူတို့ကိုယ်ပိုင်ကားနဲ့ ဖမ်းထားခံရတဲ့အုပ်ချုပ်ရေးမှူးကိုသွားခေါ်ခိုင်းထားတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ မတ်လ ၃၁ ရက်ညနေ ICM ဘုရားကျောင်းဝန်းထဲကသတို့သမီးအပ်နှင်းဆုတောင်းပွဲမှာ ဖမ်းဆီးထားတဲ့သူတွေကို ဘုရားကျောင်းဝင်းထဲမှာဘဲ လက်ပြန်ကြိုးတုတ်ပြီး PDF တွေကိုဆဲဆိုတာတွေလုပ်ဖို့ ဖိအားပေးစေခိုင်းခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကခုလိုပြောပါတယ်။
“ဘုရားကျောင်းဝန်းမှာ ဖမ်းထည့်ထားပြီး သူတို့က နောက်ပြန်ကြိုးတုပ်ပြီး ခေါင်းကို မြေကြီးနဲ့ စိုက်ထားခိုင်းပြီး PDFတွေက KIAတွေ ရဲ့ ကျွန်တွေဆိုပြီး အော်ခိုင်းတယ် ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောခိုင်းတယ်”လို့ ဆိုပါတယ်။
လက်ရှိ ကချင်ခရစ်ယာန်ဘာသာရေးဆရာ ၃ ဦးနဲ့ နောက်ထပ် မြို့မရပ်ကွက်က ဦးအောင်ချိန်၊ သီရိဇေယျာရပ်ကွက်က မောင်ကြာချောနဲ့ အားလှ၊ မြဇေယျာက ဒေါ်စိန်ကြည်၊ အောင်သီရိရပ်ကွက်က ကိုမျိုးစိမ်း၊မမော်မော်အောင်၊ အောင်သီရိရပ်ကွက်က ကိုကျော် ပိန်တို့ ၇ ဦး စုစုပေါင်း ၁၀ ဦးကို ဆားမှော်တိုက်နယ်မှာရှိတဲ့ ခလရ ၁၀၅ တပ်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ စစ်တပ်ဘက်က ခုလို မတရားဖမ်းဆီးမှုတွေ များလာတဲ့အတွက် ဆားမှော်ကျေးရွာမှာရှိတဲ့ ဒေသခံတစ်ချို့နဲ့ လူငယ်အများစုက ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်နေ့တုန်းကလည်း စကစ ခလရ ၁၀၅ ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဆားမှော်ကျေးရွာက ဒေသခံတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တာဘဲ ဖြစ်ပါတယ်။
By – Hope