ဘဏ်ငွေထုတ်ခွင့်ကန့်သတ်ချက်တွေကြောင့် Kpay, Wave Pay ကနေငွေသားထုတ်ယူမှု ရာခိုင်နှုန်းတွေမြင့်တက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘဏ်ငွေထုတ်ခွင့်ကန့်သတ်ချက်တွေကြောင့် Kpay, Wave Pay ကနေ ငွေသားထုတ်ယူရာမှာ ရာခိုင်နှုန်းတွေမြင့်တက်နေတယ်လို့ ဒေသခံတွေနဲ့ကိုယ်စားလှယ်တွေဆီကသိရပါ တယ်။
မြစ်ကြီးနားမြို့နယ်ထဲမှာရှိတဲ့ ငွေလွှဲ၊ ငွေထုတ် ကိုယ်စားလှယ်ဆိုင်အများစုမှာ လက်တလောငွေထုတ်မယ် ဆိုရင် ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိပေးနေရတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
“Kpay က တော်တော်များများက ၄၊ ၅ ရာခိုင်နှုန်းအထိပေးထုတ်ရတယ်။ တစ်ချို့ကကျတော့ ၃ ရာခိုင်နှုန်း ဘဏ်ကပိုက်ဆံမထုတ်ပေးလို့အခုလို မြင့်ကုန်တာ လူတွေကပိုက်ဆံမရှိတော့ဘူး အကောင့်မှာရှိတဲ့ လူတွေ ကလည်း ဈေးတက်လိုက်တော့အခုလိုမြင့်ကုန်တာ”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လပထမအပတ်က စစ်ကောင်စီက ပုဂ္ဂလိကဘဏ်တွေကို နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံ ပြီးတဲ့နောက်မှာပဲ ငွေထုတ်ယူမှုတွေကန့်သတ်လိုက်တာဖြစ်ပါတယ်။
လက်တလော ကမ္ဘောဇဘဏ်မှာတော့ ပုံမှန်ငွေစုစာအုပ်ဆိုရင် တစ်ပတ်ကို ၁၀ သိန်း၊ စပါယ်ရှယ်အကောင့် ဖွင့်ထားရင်တော့ နေ့တိုင်း ၁၀ သိန်းထုတ်ပေးနေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံတွေကပြောပါတယ်။
“ကျမတို့လည်း ငွေကိုယ်တိုင်သွားထုတ်ရတာဆိုတော့ ဆီဖိုး၊ ဘာဖိုးပေါ့ မနေ့ကဆိုရင် မနက်၉နာရီလောက် သွားတာ နေ့လည် ၂ နာရီလောက်မှရောက်တယ်တန်းစီရတာ”လို့ကိုယ်စားလှယ်တစ်ယောက်ကပြောပါတယ်။
တစ်ခြားသော ပုဂ္ဂလိကဘဏ်ဖြစ်တဲ့ ရိုးမဘဏ်မှာတော့ ဒီရက်ပိုင်း တစ်နေ့ကို ငွေသိန်း ၂၀ အထိထုတ်ပေးပြီး ပြီးခဲ့တဲ့ ဇူလိုင်လပထမအပတ်ကတော့ တစ်ရက်ကို ၃ သိန်းသာထုတ်ပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ဖက်မှာတော့ အခုလို ပုဂ္ဂလိကဘဏ်တွေက ငွေထုတ်ခွင့်ကန့်သတ်လိုက်တဲ့အတွက် ငွေထုတ်ဖို့ခက်ခဲတဲ့ အပြင် ငွေလွှဲ၊ငွေထုတ်ကိုယ်စားလှယ်ဆိုင်တွေမှာပါ ငွေထုတ်ခွင့်ကိုကန့်သတ်လာတဲ့အခြေနေတွေဖြစ်လာ နေတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကဘဏ်တွေကနေ ငွေသိန်း၂၀၀နဲ့အထက် ထုတ်ယူမယ်ဆိုရင် ငွေထုတ် မယ့် အကြောင်းအရင်းကို ဘဏ်နဲ့သက်ဆိုင်တဲ့တာဝန်ရှိသူတွေဆီမှာစာတင်ပြီးမှထုတ်ရတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။
By – Zaw Zaw