ဗန်းမော်ခရိုင်တစ်ခုလုံး လွတ်မြောက်တော့မှာလား
မိုးမောက်မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ကို KIA ပူးပေါင်းတပ် သိမ်းလိုက်တဲ့နောက်တစ်ဆက်တည်းမှာဘဲ ဗန်းမော်မြို့ကို ချက်ချင်း သိမ်းပိုက်တော့မလားဆိုတဲ့အကြောင်းမှာလူစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့ပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့ ဗန်းမော်မြို့နဲ့ အနီးဆုံး၊ မိုးမောက်မြို့ နောက်ဆုံးခံတပ် ခမရ ၄၃၂ တပ်စခန်းကိုKIA ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်လိုက်သလို ဩဂုတ်လ ၂၀ ရက်နေ့ ဗန်းမော်မြို့နယ်ထဲကကောင်ဂျာယန် စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်က ထပ်ပြီးသိမ်းပိုက်လိုက်ကြောင့် စစ်ဆင်ရေးဟာဗန်းမော်ဘက်ကို ဦးတည်လာနေပြီလားဆိုတဲ့ သုံးသပ်ချက်တွေ ရှိလာပါတယ်။
ဗန်းမော်မြို့ဟာ မိုးမောက် နဲ့ ၇ မိုင်၊ မံစီမြို့နဲ့ ၁၂ မိုင် ကွာဝေးပြီး ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ကချင်ပြည်နယ် ဒုတိယမြို့တော်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ အတွင်း KIA ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ တရုတ်နယ်စပ် လွယ်ဂျယ်မြို့နဲ့ မိုင် ၄၀ အကွာမှာ ရှိသလို KIO ဌာနချုပ် လိုင်ဇာမြို့နဲ့ မိုင် ၄၀ အကွာမှာတည်ရှိပါတယ်။
သင်္ဘောဆိပ်ကမ်းရှိတဲ့မြို့၊ တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် တည်ရှိတဲ့ခရိုင်၊ ရှမ်းနဲ့ စစ်ကိုင်း ဒေသကိုနယ်နမိတ်အားဖြင့် ထိစပ်နေမှု စတဲ့အချက်တွေကြောင့် စစ်ရေးနဲ့ စီးပွားရေးကဏ္ဍတွေအတွက် မဟာဗျူဟာကျတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
ခရိုင်အဖြစ် ဗန်းမော်မြို့နယ်၊ မံစီမြို့နယ်၊မိုးမောက်မြို့နယ်၊ရွှေကူမြို့နယ်ဆိုပြီး မြို့နယ် ၄ မြို့နယ်နဲ့ဖွဲ့စည်းထားပါတယ်။
၂၀၁၉ ခုနှစ် ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ ဖော်ပြချက်အရ အိမ်ခြေ ၂ သောင်းကျော်လူဦးရေ ၁ သိန်းကျော် နေထိုင်တဲ့ ဗန်းမော်ခရိုင်ဟာ စစ်ရေးအရဘယ်လိုအရေးပါနေလဲပထဝီနိုင်ငံရေးအရ ခွဲခြမ်းကြည့်ဖို့ လိုအပ်ပါတယ်။
ခရိုင်ရုံးစိုက်ရာ ဗန်းမော်မြို့ အခြေအနေ
ဗန်းမော်၊ မိုးမောက်၊ မံစီ တို့မှာ သုံးပွင့်ဆိုင်တည်ရှိနေတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နှစ်ဆန်းကစပြီး KIA တပ်တွေ ဗန်းမော်မြို့ပတ်ပတ်လည်မှာရှိတဲ့ မိုးမောက်၊ မံစီမြို့နယ်တွေမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီး စစ်ရေးဟာ ဗန်မော်မြို့ကိုဦးတည်လာနေတာလည်း ဖြစ်ပါတယ်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ ဗန်းမော်မှာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ ၂၁ တည်ရှိပါတယ်။
စစ်ဆင်ကွပ်ကဲမှု ဌာနချုပ်ဟာ ခြေမြန်တပ်မဌာနချုပ်အသွင်ယူထားတဲ့ တိုက်ခိုက်ရေးအဖွဲ့ဖြစ်ပြီးဗန်းမော်မြို့ထဲမှာတော့ လေယာဉ်ကွင်းတပ်လို့ခေါ်တဲ့ မင်းလှရပ်ကွက်မှာ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ–၂၁၊) ဗန်းမော်– မံစီ မြို့အဝင်အထွက် ဖန်ခါးကုန်းမှာ ခလရ ၄၇ တပ်တို့ရှိပြီး ဒီတပ်စခန်းတွေက တဆင့် ဗန်းမော်မြို့ပြင် မိုးမောက်၊ မံစီ ဘက်ကို အဓိက လက်နက်ကြီးပစ်ကူနေတဲ့တပ် ဖြစ်ပါတယ်။
မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးစတင်လာချိန်ကတည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲဦးတည်လာတော့မယ့် အခြေအနေကြောင့် ဗန်းမော်မြို့ပေါ်က ငွေကြေးတတ်နိုင်သူအများစုဟာ မြို့ကိုစတင်စွန့်ခွာလာကြပါတယ်။
အဲဒီနောက် ဩဂုတ်လ ၂၄ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်း တစ်ကျော့ပြန်ထိုးစစ်စတင်လာချိန်မှာတော့ ဗန်းမော်မြို့ပြည်သူတွေဟာ အများပိုင်း ထပ်ပြီးစွန့်ခွာသွားကြပါတယ်။ သို့ပေမယ့်ထွက်ပြေးစရာမရှိတော့တဲ့ မိုးမောက်၊ မံစီ ဘက်က ပြည်သူတွေကတော့ ဗန်းမော်မြို့အထဲကိုစစ်ရှောင်အဖြစ် ခိုလှုံလာတဲ့အတွက် လက်ရှိ ဗန်းမော်မြို့တွင်းမှာစစ်ရှောင်ပြည်သူသောင်းချီရှိနေပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၂၄ ရက်နေ့ နောက်ပိုင်းအတွင်း တိုက်ပွဲကြောင့် မြို့တွင်း၊ မြို့ပြင် လက်နက်ကြီးကျပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိနေပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့ နောက်ပိုင်း ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်မှုကြောင့် ဗန်းမော်ဒေသအရပ်သားထိခိုက် သေဆုံးမှု အသေးစိတ်မသိနိုင်ခဲ့ပါဘူး။ KNG သတင်းဌာနစုစည်းမေးမြန်းထားချက်အရ လက်နက်ကြီး ကျပေါက်ကွဲ မှုတွေကြောင့် တစ်လအတွင်းထိခိုက်သေဆုံးတဲ့ အရပ်သား ၁၅ ဦးထက်မနည်းရှိနိုင်သလို ကျည်ထိမှန် ဒဏ်ရာရရှိသူတွေလည်းရှိနေပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက်တပ်စခန်းကို KIA ပူးပေါင်းတပ်သိမ်းလိုက်တဲ့နောက်မှာတော့ဗန်းမော်မြို့ကို သိမ်းတော့မယ်ဆိုတဲ့ အသံတွေကလည်း ပိုပြီးကျယ်လောင်လာပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့မှာတော့ ဗန်းမော် PDF အဖွဲ့ကလည်း ထုတ်ပြန်ချက်တစ်စောင်ထုတ်လာပါတယ်။ထုတ်ပြန်ချက် ထဲမှာ ဗန်းမော်ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိပြီး ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့သက်ကြီးရွယ်အို နာမကျန်းသူများ ပြောင်းရွှေ့ထားကြဖို့လည်း ပါရှိပါတယ်။
စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အဖြစ် ခြေကုတ်ထားပြီး ခရိုင်တစ်ခုလုံးကို စစ်အင်အားဖြန့်ကျက်ပြီး စစ်ရေးလှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။
လက်ရှိ ဗန်းမော်မြို့ထဲမှာ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ–၂၁၊) ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်စု (စရဖ–စု)၊ အမှတ်(၉၃၃)ထောက်ပံ့ ပို့ဆောင်ရေးတပ် (ထပရ–၉၃၃)၊အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်း (မဆရ–၁၁)၊ ဆမှတ်(၅) ဆက်သွယ်ရေးတပ် (ဆသရ–၅)၊အမှတ်(၃၁၄)အမြောက်တပ် (အမတ–၃၁၄)၊ အမှတ်(၃၆၆)အမြောက်တပ် (အမတ–၃၆၆)၊အမှတ်(၅၀၁၄) တင့်ကားတပ်ရင်း (တကရ–၅၀၁၄)၊ အမှတ်(၇၀၀၆) သံချပ်ကာတပ်ရင်း( သတရ–၇၀၀၆)၊ အမှတ် (၉၁၄) စစ်အင်ဂျင်နီယာတပ် (စအရ–၉၁၄)၊ အမှတ်(၉၄၄)ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ တပ်ခွဲ(ဆလအခွဲ–၉၄၄)၊ အမှတ်(၈၈) တပ်မအောက်တပ်ရင်း(၃)ရင်းရှိပြီး မြို့တွင်း၊ မြို့ပြင် အချက်ချာကျတဲ့နေရာမှာ တပ်စွဲထားပြီး စုစုပေါင်း အင်အား ၁၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ မိုးမောက်မြို့
ဗန်းမော်မြို့နဲ့ ၈ မိုင်သာကွာဝေးတဲ့ မိုးမောက်မြို့နယ်မှာ အဓိကအားဖြင့် မိုးမောက်၊ ဒေါ့ဖုန်းယန် နဲ့လွယ်ဂျယ် စတဲ့ မြို့ ၃ မြို့ ပါဝင်ပါတယ်။
ခမရ ၄၃၇ တပ်ရှိတဲ့ မိုးမောက်မြို့ကို ဩဂုတ်လ ၁၉ ရက်နေ့ သိမ်းပိုက်ခဲ့ပြီး၊ ဒေါ့ဖုန်းယန်မြို့ကိုတော့မြို့တွင်း အထိုင်တပ် ခလရ ၁၄၂ တပ် အလံဖြူထောင်လက်နက်ချခဲ့တဲ့ မတ်လ ၈ ရက်နေ့သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီ ခလရ ၁၄၂ ဒေါ့ဖုန်းယန်တပ်ဟာ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးအတွင်းပထမဆုံးလက်နက်ချတဲ့ တပ်ရင်း ဌာနချုပ်တစ်ခု ဖြစ်ပါတယ်။
တစ်ဆက်တည်း မတ်လ ၂၇ ရက်နေ့နှောင်းပိုင်းမှာ မြို့သစ်၊ ကုန်းလော ခမရ ၃၈၇ ၊ ၃၂၀ အထိုင်တပ်နဲ့ဒါဆိုင်း ခမရ ၂၃၇ တပ်၊ လွယ်ဂျယ်မြို့အနီးက ယောယုံဗျူဟာကုန်းအပါအဝင် စခန်း ၆ ခုကိုထပ်ပြီးသိမ်းပိုက်နိုင်ခဲ့သလို မတ်လ ၃၁ ရက်နေ့မှာတော့ နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိစိန်လုံဗျူဟာကုန်းနဲ့ ကာကင်းစခန်း ကုန်းငယ်တွေကိုလည်း တစ်ညလုံး ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးဧပြီလ ၁ ရက်နေ့ မနက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မိုးမောက်–လွယ်ဂျယ်လမ်းပိုင်းရှိစစ်တပ်စခန်းများအားလုံးကို KIA တပ်တိုက်ခိုက်သိမ်းပိုက်ပြီးလွယ်ဂျယ်မြို့ကို ဧပြီလ ၉ ရက်နေ့ အပြီးသတ်သိမ်းလိုက်နိုင်ပြီဖြစ်ပါတယ်။
ဧပြီလ ၂၂ ရက်နေ့ကစ မိုးမောက်မြို့တွင်း နောက်ဆုံးကျန်တဲ့ ခမရ ၄၃၇ ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဆင်ရေးဟာတစ်ဖြတ်ရပ်နားသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ၂ လခန့်အကြာ ဇူလိုင်လ ၂၄ ရက်နေ့ မိုးမောက်မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၄၃၇တပ်ကို တစ်ကျော့ပြန်ထိုးစစ်ဆင်လာခဲ့ပြီး တစ်လအကြာ ဩဂုတ်လ ၁၉ ရက်နေ့အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ–တရုတ်နယ်စပ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိ မိုးမောက်မြို့နယ်တွင်းက ခမရ (၄၃၇)၊ ခမရ (၃၂၀)၊ ခလရ(၁၄၂)၊ ခမရ (၃၈၇)၊ ခလရ (၂၃၆) နှင့်ခလရ (၂၃၇) အထိုင်အားလုံး ကင်းစင်သွားပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို KIA ပူးပေါင်းတပ်ထိန်းချုပ်ထားနိုင်ပြီး လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးမြို့ကို KIO/KIA က အုပ်ချုပ်ရေးစနစ်စတင်လည်ပတ်နေပြီဖြစ်ပါတယ်။
KIA ပူးပေါင်းတပ်သိမ်းလိုက်တဲ့ လွယ်ဂျယ်မြို့ဟာ ခေတ်အဆက်ဆက် မြန်မာ– တရုတ်နယ်စပ်ကုန်သွယ်ရေး မြို့တော်ကြီး ဖြစ်ပြီး ဗန်းမော်–မိုးမောက်–မြစ်ကြီးနားထိ ၁၁၄ မိုင် ကွာဝေးကာနယ်စပ်ကုန်သွယ်ရေး အဓိကကျတဲ့မြို့ဖြစ်ပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့ နောက်ဆုံးသိမ်းလိုက်တဲ့ မိုးမောက် ခမရ ၄၃၇ စခန်းဟာ ဗန်းမော်မြို့ကို အဓိကလုံခြုံရေးယူပေးတဲ့ စခန်းဖြစ်တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မန်းလေး– ဗန်းမော်ကားလမ်းမကြီးပေါ်မှာရှိတဲ့ မံစီမြို့
မံစီမြို့နယ်ဟာ ဗန်းမော်မြို့နဲ့ မိုင်အားဖြင့် ၁၂ မိုင်ဝန်းကျင်မှာရှိပြီး ဗန်းမော်မြို့ရဲ့ တောင်ဘက်မှာတည်ရှိပါတယ်။
တရုတ်နိုင်ငံ နဲ့ ရှမ်းမြောက် မဘိမ်းမြို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မံစီမြို့နယ်တပ်စခန်းတွေကို KIAပူးပေါင်းတပ်တွေ ဇန်နဝါရီလဆန်းပိုင်းကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလ ၂၁ ရက်နေ့မှာရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နဲ့ ၈ မိုင်ခန့်သာ ဝေးကွာတဲ့ မံစီမြို့နယ် မံဝိန်းကြီးရွာရှိခြေမြန်တပ်ရင်း ၄၂၄ တပ်စခန်းကို သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာတော့ နောက်ထပ် မံစီမြို့နယ်ထဲက စီခမ်းကြီးရွာက နှစ်ပေါင်း ၅၀ ဝန်းကျင်ရှိတဲ့ ဗျူဟာမြောက်အထိုင်းစခန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး မတ်လ ၇ ရက်နေ့ မဂျီကောင် ဗျူဟာစခန်းကိုထပ်ပြီးသိမ်းပိုက်လိုက်ပါတယ်။
စီခမ်းကြီးစခန်းဟာ မြစ်ကြီးနား– မန္တလေး ပြည်ထောင်စုလမ်းမပေါ်မှာ ရှိတဲ့စခန်းဖြစ်ပြီးမြောက်ပိုင်းတိုင်းစစ် ဌာနချုပ် လက်အောက် ခြေလျင်တပ်ရင်း ၄ ရင်းပေါင်းပြီး အထိုင်ချထားတဲ့စခန်းဖြစ်ပြီး စစ်ရေးအရ အချက်ချာကျတဲ့ စခန်းဖြစ်သလို ဗန်းမော်မြို့ဘက်က စစ်တပ်စခန်းတွေကို အဓိကထောက်ပို့ပေးနေတဲ့ လမ်းကြောင်းမှာ ရှိတာလည်းဖြစ်ပါတယ်။
စစ်ရေး နဲ့ လမ်းပန်းဆက်သွယ်ရေးအရ အချက်ချာကျတဲ့နေရာကို စီခမ်းစခန်းအပြင် နောက်ထပ် ကိုက်ထိပ်စခန်း၊ ဘလောင်ဒိန်ဆာတပ်စခန်းတွေကို သိမ်းပိုက်ရရှိထားပြီ ဖြစ်ပါတယ်။
စီခမ်းရွာဟာ ဗန်းမော်– ရွှေကူလမ်းပေါ်တွင်ရှိပြီး ဧရာဝတီမြစ်ကူးတံတား (စင်းခန်း) နှင့် ချောင်းကူးတံတားရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။ ဒီနေရာကို သိမ်းပိုက်ရရှိလိုက်တာဟာ KIA ပူးပေါင်းတပ်အတွက် ရေကြောင်းမှာ အသာစီးရနိုင်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ဒါကြောင့် မံစီမြို့နယ်အတွင်း မံဝိန်းကြီးစခန်း၊ စီခမ်းကြီးစခန်း၊ ကိုက်ထိပ်စခန်း၊ မဂျီဂေါင်စခန်းစတဲ့အရေးပါတဲ့ တပ်စခန်းများအား သိမ်းပိုက်ရရှိခဲ့နိုင်ပြီဖြစ်တဲ့တွပ် ဒေသအတွင်း နယ်မြေစိုးမိုးမှုပိုမိုကျယ်ပြန့်လာပြီး စစ်ကူ၊ ရိက္ခာလမ်းကြောင်းများ ပိုပွင့်လာပြီလို့ ဆိုကြပါတယ်။
မံစီမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသော ခမရ ၃၁၉ နှင့် ခမရ ၆၀၁ စခန်းတို့ကို ဆက်လက်တိုက် ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မံစီမြို့နယ်တွင်း စစ်ဆင်ရေးတစ်ဖြတ်ရပ်နား သွားခဲ့ပါတယ်။
လက်ရှိ မံစီမြို့နယ်ထဲမှာတော့ ခမရ ၃၁၉ နဲ့ ခမရ ၆၀၁ သာကျန်ရှိတော့ပြီး ဒီစခန်းတွေကိုသိမ်းလိုက်နိုင်ပါက မံစီမြို့နယ်ကို အလုံးစုံထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
ဧရာဝတီမြစ်ရဲ့ ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ ရွှေကူမြို့
ရွှေကူမြို့ဟာ ဗန်မော်မြို့ရဲ့ အနောက်ဘက်မှာရှိပြီး တောင်ဘက်မှာ ရှမ်းပြည်နယ် မဘိမ်းမြို့နဲ့လည်းစပ်နေပါတယ်။
ဧရာဝတိ ဒုတိယမြစ်ကျဉ်းအောက် မိုင်အနည်းငယ်အကွာ လက်ဝဲဘက်ကမ်းပေါ်မှာရှိတဲ့ ရွှေကူမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်ခံရမှုနဲ့နေအိမ် အများဆုံးမီးရှို့ခံရတဲ့မြို့နယ်ဖြစ်ပါတယ်။
KIA တပ်ရင်း ၁၂ နယ်မြေမှာရှိတဲ့ ရွှေကူမြို့နယ်ဟာ ၂၀၂၃ ခုနှစ် မတ်လ ဝန်းကျင်ကစပြီး စစ်တပ်နဲ့ KIAပူးပေါင်းတပ်တို့အကြား တိုက်ပွဲစတင် ပြင်းထန်လာခဲ့ပါတယ်။
မတ်လ ၂၃ ရက်နေ့ ရွှေကူမြို့နယ် နတ်လန်၊စီမော်ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့သလို စစ်တပ်ဘက်က ရွှေကူမြို့နယ် မံဝိန်းကျေးရွာအပါအဝင် ရွာပေါင်း ၁၂ ရွာက နေအိမ် ထောင်နဲ့ချီ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
အဲဒီနောက် ၇ လအကြာ အောက်တိုဘာလ ၁၈ ရက်နေ့ ရွှေကူ–ဗန်းမော်ကားလမ်းမဘေး၊ ငါးဘတ်ကြီးကျေးရွာတောင် ကျောင်းအနီး ခမရ ၆၀၂နှင့် ခလရ ၅၆ တပ်တို့ ရှေ့ပြေး အခိုင်အမာတပ်စွဲထားသော ဆက်သွယ်ရေး တပ်စခန်းနဲ့ စက်တင်ဘာလ ၁ ရက်နေ့ ကျောက်ကြီးရွာတွင်တပ်စွဲထားတဲ့ ခလရ ၇၇ ခလရ ၁၀ တို့ကို ထပ်ပြီးသိမ်းပိုက်ခဲ့ပါတယ်။
ရွှေကူမြို့နယ်ဟာ KIA တပ်ရင်း ၁၂ နယ်မြေရှိပြီး တော်လှန်ရေးအင်အားစုများအားကောင်းတဲ့နေရာဖြစ်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက် အခြေခံပညာသင်ကျောင်းအလယ်တန်း အထိဖွင့်လှစ်ထားနိုင်တဲ့ မြို့နယ်ဖြစ်ပါတယ်။
ဒါ့အပြင် ရွှေကူမြို့နယ်ရဲ့ မြို့နယ်ခွဲ့ဖြစ်တဲ့ မြို့လှမြို့တွင်းတပ်ကိုလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလဲမှာKIA ပူးပေါင်းတပ်တွေက စခန်းစွန့်ခွာဖို့ သတိပေးစာပေးခဲ့တာကြောင့် မြို့လှတပ်ဖြစ်တဲ့ ခမရ ၃၈၇ တပ်လည်း ရွှေကူမြို့မြို့တွင်းတပ်ထဲ ဆုတ်ခွာသွားကြပြီဖြစ်ပါတယ်။
လက်ရှိ ရွှေကူမြို့အထိုင်တပ်ဖြစ်တဲ့ ခမရ ၆၀၂ နဲ့ ခလရ ၅၆ တပ်တို့သာကျန်ရှိတော့တာာဖြစ်ပြီးစစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုမရှိတော့တဲ့ အခြေနေမှာရှိတယ်လို့ သိရပါတယ်။
ရွှေကူမြို့ဟာ ကချင်ပြည်နယ်နဲ့စစ်ကိုင်းအစပ် နောက်ဆုံးမြို့ဖြစ်ပြီး ရွှေကူမြို့ရဲ့ အနောက်ဘက်မှာ ကသာမြို့၊ တောင်ဘက်မှာ မံစီမြို့၊ အရှေ့ဘက်မှာ ဗန်းမော်မြို့၊ မြောက်ဘက် မြစ်ကြီးနားမြို့ရှိပြီးဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းအနိီးမှာရှိပါတယ်။ ရေကြောင်းအရ အရေးပါတဲ့နေရာမှာရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။
ဒေသခံတွေပြောဆိုချက်အရ ရွှေကူမြို့ထဲမှာ စစ်တပ်က စစ်ရေးလှုပ်ရှားမှုမရှိတာ နှစ်ဝက်နီးပါးရှိလာပြီး ဗန်းမော်၊ မံစီကိုသိမ်းနိုင်ပါက ရွှေကူမြို့ဟာ အလိုလို သိမ်းပြီးသားဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
နောက်ဆုံးစစ်ရေးအခြေနေ
မိုးမောက်မြို့နယ်တစ်ခုလုံးအတွက် အရေးပါတဲ့ ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ လေကြောင်းအပြင် မြေပြင်စစ်ကြောင်း ၃ ကြောင်းနဲ့ ဩဂုတ်လ ၂၄ ရက်နေ့စပြီး တန်ပြန်စစ်ကြောင်းထိုးတိုက်ခိုက်နေပါတယ်။
ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ ခုနဲ့ မိုးမောက်နဲ့ မံစီ စစ်မျက်နှာ ၂ ခုမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် KIA ပူးပေါင်းတပ်ဘက်ကလည်း ဗန်းမော်မြို့အထက် ၅ မိုင်နီးမှာ ကြားဖြတ်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို မံစီဘက်ကိုလည်းစစ်ကြောင်းထိုးတာတွရှိနေတယ်လို့ ဗန်းမော်ကာကွယ်ရေးတပ်က ပြောပါတယ်။
စစ်တပ်ဘက်ကလည်း ဗန်းမော်မြို့လက်မလွတ်ရေး မြေပြင်စစ်ကြောင်းအပြင် လေကြောင်းကပါအပြင်းထန်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါ့အပြင် လက်ရှိ ဗန်းမော်ထဲမှာတော့ မိုးမောက်၊မံစီမြို့နယ်ဘက်က ထွက်ပြေးလာတဲ့ စစ်အင်အားအားလုံးနီးပါး ဗန်းမော်မြို့ထဲစုပြုံနေတဲ့အတွက် ဗန်းမော်မြို့ စစ်တပ်စခန်းအားလုံးမှာ စစ်သားအင်အား ၂၀၀၀ ကျော်ရှိနိုင်တယ်လို့လည်း ဒေသခံတွေသုံးသပ်နေကြပါတယ်။
အချုပ်အားဖြင့်ဆိုရသော် ဗန်းမော်ခရိုင်တွင်းမှာရှိတဲ့ မြို့နယ် ၄ ခုရှိတဲ့အနက် မိုးမောက်မြို့နယ်ဟာ စစ်တပ်အလုံးစုံ ကင်းစင်သွားပြီး မံစီမြို့နယ်မှာတော့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉တပ်သာကျန်ရှိတော့တဲ့အပြင် ရွှေကူမြို့နယ်ဘက်မှာတော့မြို့တွင်းတပ်တစ်ခုသာကျန်ရှိတော့တာဖြစ်ပါတယ်။
ဒါကြောင့် ဗန်းမော်ခရိုင်ဟာ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့အနှေးနဲ့အမြန်ပထမဆုံးလွတ်မြောက်နိုင်တဲ့ ခရိုင်ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။
By – Zami