သတင်း

“ပြည်နယ်အားကောင်းရေး မှ ပြည်ထောင်စုအားကောင်းရေး” အခြေခံချည်းကပ်မှုဖြင့် တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းမည်ဟု ထုတ်ပြန်

ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ကို အခြေခံတဲ့ချည်းကပ်မှုနဲ့ တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းသွားမယ်လို့ စစ်အာဏာရှင် တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ ပါဝင်တဲ့ ပူးတွဲကြေညာချက်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောင်ရေးမှာ ဗဟိုချုပ်ကိုင်မှု စနစ် ပြန်လည် အားကောင်းစေမယ့် ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Holding Together) ကို လက်ခံကျင့်သုံးသွားမှာ မဟုတ်ကြောင်းနဲ့ “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး” (Bottom-up Federalism Approach) အခြေခံ ချည်းကပ်မှု နဲ့ တိုင်းပြည် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းသွားမှာလို့ ဆိုပါတယ်။

ဗဟိုချုပ်ကိုင်မှုစနစ်ဟာ အစိုးရအဆက်ဆက် နှစ်ပေါင်း ၇၀ ကျော်တိုင် ရှိနေတဲ့ နက်ရှိုင်းသော နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ရုံမက ပိုပြီးရှုပ်ထွေးတဲ့ ထပ်ဆင့်ပြဿနာတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

ဆက်လက် ကျင့်သုံးသွားမယ့် “ပြည်နယ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး” Bottom-up Federalism Approach အနက်အဓိပ္ပာယ်ကို ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ နန်းမို့မို့ က အခုလိုရှင်းပြပါတယ်။

“Bottom-up လို့ပြောတဲ့ အခါမှာ လူထုတွေနဲ့ အနီးစပ်ဆုံးရှိနေတဲ့သူတွေက ပြည်ထောင်စုကို စပြီးတည်ထောင်တာက တည်တံ့တဲ့ ပြည်ထောင်စု ဘက်ကို ဖြစ်စေတာဖြစ်တယ်။ အပေါ်အောက်ဆိုတာမျိုး မဟုတ်ဘဲနဲ့ အဆင်သင့်ဖြစ်နေတဲ့ ပြည်နယ်ဖက်ဒရယ် ယူနစ်တွေက အာဏာက သူတို့ဆီမှာ ရှိနေတာမျိုး။ လူထုတွေကလည်း လူထုတွေနဲ့ အနီးစပ်ဆုံး ဖြစ်တဲ့သူတွေဆီမှာအာဏာရှိပြီး ဖက်ဒရယ် ကိုကျင့်သုံးတာကို ပြောတာဖြစ်ပါတယ်။ Holding Together ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုကို အတင်းစုဖွဲ့ထားတဲ့ ပြည်ထောင်စုကြီး မဖြစ်စေချင်ဘူး ဖြစ်လို့မဖြစ်ဘူး။ ကျမတို့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေထားက ပြည်ထောင်စု မပြိုကွဲရေး လက်ရှိဟာကို အတင်းဆုပ်ကိုင်တဲ့အနေအထားနဲ့ သွားလို့မရဘူး အဓိကတော့ ဖက်ဒရယ်တွေ ယူနစ်တွေကနေပြီး သူတို့ရဲ့ သဘောဆန္ဒနဲ့ ပြည်ထောင်စုကိုအတူတူ coming ပေါ့လာပြီးတော့ တည်ဆောက်ရမယ်ဆိုတာကိုပြောချင်တာပါ လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်မှာ တိုင်းရင်းသားကိုယ်စားပြု တော်လှန်ရေးအဖွဲ့တွေနဲ့ အမျိုးသမီးအဖွဲ့ စုစုပေါင်း ၉ ဖွဲ့ပါဝင်ပြီး အမည်မဖော်လိုသေးတဲ့ အဖွဲ့တွေလည်းရှိသေးတယ်လို့ နန်းမို့မို့က ပြောပါတယ်။

ဒါ့အပြင် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို တော်လှန်ရေးကာလ/ကြားကလ ဖြစ်တဲ့ ဒီအချိန်မှ စတင်ကာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှုကို လက်တွေ့ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေးကာလ အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေလို သက်ရောက်မှုရှိတဲ့ အုပ်ချုပ်ရေးစာတမ်း Governing Document အဖြစ် ကျင့်သုံးဖို့ ဖက်ဒရယ် အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာ အခြေခံဥပဒေ AFTA ကို စတင်ပြင်ဆင်ရေးဆွဲနေပြီလို့ ဆိုပါတယ်။

တစ်ဖက်မှာ ပြည်နယ်အားကောင်းရေး မှ ပြည်ထောင်စုအားကောင်းရေး Bottom-up Federalism ချည်းကပ် မှုနဲ့ တော်လှန်ရေးကာလ ကြားကလကစတင်ကာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်အကောင် ထည်ဖော်ဆောင်သွားမှာ ဖြစ်ကြောင်း ဒီထုတ်ပြန်ချက်ထဲပါဝင်တဲ့ အဖွဲ့ ၉ ဖွဲ့ကပဲ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလ ၁၉ ရက်နေ့မှာ သဘောထားထုတ်ပြန် ကြေညာထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေကို လိုလားတဲ့အဖွဲ့အားလုံးနဲ့ အတူတကွ တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်းလည်းဆိုခဲ့ပါတယ်။

ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ပူးတွဲထုတ်ပြန်ချက်ကိုတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ကရင်အမျိုးသားအစည်း အရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင့်ရေး) NMSP-AD၊ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ KSCC၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ MSFC၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB တို့ ပူးတွဲထုတ်ပြန်တာလို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button