သတင်း

အင်းတော်ကြီးဒေသမှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိုက်ပွဲ ဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသထဲမှာ KIA ပူးပေါင်းတပ်တွေ နဲ့ SNA စစ်ကောင်စီတပ် နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် တိုက်ပွဲ ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေရကြောင်း သိရပါတယ်။

KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ချောင်းဝ၊ဝှေလုံကျေးရွာတွေဘက်ကနေ မိုင်းနောင်၊ လုံးတုံဘက်တွေကို စစ်ရေးလှုပ်ရှားလာတာ၊ စစ်အင်အားဖြည့်တင်တာတွေရှိနေတဲ့အပြင် လုံးတုံမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ နန့်မွန်းမြို့မှာ ထိုင်ထားတဲ့ SNA ၊စစ်ကောင်စီပူးပေါင်းတပ်တွေကလည်း စစ်အင်အားဖြည့်တာတွေရှိနေတာကြောင့် နှစ်ဖက်စစ်ရေးပြင်ဆင်မှုတွေရှိနေလို့ တိုက်ပွဲ ဖြစ်ပွားလာမှာ ကို ဒေသခံတွေစိုးရိမ်နေရကြောင်း အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

မြင်နေရတဲ့အခြေအနေကတော့မကောင်းဘူးဗျ SNA နဲ့ စကစတွေကလည်း နန့်မွန်းမှာ အင်အားဖြည့်နေတယ် အရင်ပတ်ကတည်းက ပြီးတော့ ဒီဘက်တောဘက် (KIAနဲ့ပူးပေါင်းတပ်)ဘက်ကလည်း လုံးတုံ၊ နန့်မီးလောင် ဘက်ထိထိလှုပ်ရှားသွားလာနေတယ်။ လောလောဆယ်အထိနှစ်ဖက်ပစ်ခတ်ကြတာတော့မရှိသေးဘူးလို့ အထက်ဖော်ပြေပါဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

နန့်မွန်းမြို့မှာ SNA နဲ့စစ်ကောင်စီတပ် စုစုပေါင်းအင်အား ၂၀၀ နီးပါးနဲ့၂၀၂၄ ခုနှစ်ကတည်းက တပ်ထိုင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကနောက်ထပ် စစ်အင်အား ၃၀၀ နီးပါးလောက်ထပ်တိုးထားတယ်လို့ သိရပါတယ်။

လုံးတုံမှာလည်းလုံးတုံအထိုင်တပ်ရှိသေးတယ်အဲ့မှာအင်အားထပ်ချမချမသိသေးဘူးနန့်မွန်းကတော့ နှစ်ရာသုံးရာလောက် ကို ထပ်ချထားတယ်နော် မနည်းဘူး SNA သင်တန်းဆင်စလေးတွေ ထပ်ပို့လိုက်တာလို့သိရတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ဒီရက်ပိုင်း SNAနဲ့စစ်ကောင်စီတပ်တွေဟာ မိုးညှင်းမြို့ဘက်ကနေ အင်အားဖြည့်တင်တာတွေရှိနေသလို လုံးတုံံ၊ နန့်မွန်းကြားမှာ လှုပ်ရှားသွားလာတာတွေရှိနေတယ်လို့သိရပါတယ်။

အလားတူKIAနဲ့ ပူးပေါင်းတပ်တွေကလည်း KIAထိန်းချုပ်ထားတဲ့ဝှေလုံ၊ ချောင်းဝ၊ ညောင်ပင်ကျေးရွာတွေ တကြောမှာခြေကုပ်ယူထားပြီးစစ်အင်အားထပ်ဖြည့်ထားတာတွေရှိနေကြောင်းဒေသခံတွေကဆိုပါတယ်။

အခုလိုKIAက ဝှေလုံ၊ချောင်းဝဘက် ကနေလှုပ်ရှားနေတာကြောင့် နန့်မွန်းမှာထိုင်ထားတဲ့ SNA နဲ့စစ်ကောင်စီတပ်တွေက ဝှေလုံ၊ ချောင်းဝဘက်တွေကို ရံဖန်ရံခါ လက်နက် ကြီးနဲ့ယမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။

လတ်တလော နှစ်ဖက်တပ်တွေစစ်ရေးလှုပ်ရှားနေတာကြောင့် လုံးတုံနဲ့နန့်မွန်းမြို့ကြားက မိုင်းနောင်၊မမုံကိုင်နဲ့အနီးဝန်းကျင်ကဒေသခံအချို့ကြိုတင်တိမ်းရှောင်တာရှိသလို လုံးတုံနဲ့ ဝှေလုံ၊ ညောင်ကြားထဲက နန့်မီးလောင်၊ လွဲမွန်နဲ့အနီးဝန်းကျင်ရွာခံတွေလည်းကြိုတင်ပြင်ဆင်တာ၊တချို့ဟိုပင် ၊မိုးညှင်းဘက်ကိုကြိုတင်တိမ်းရှောင်သွားတာတွေရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။

အင်းတော်ကြီးဝှေခါ ကားလမ်းပိုင်းရှိ လုံးတုံနဲ့ဟိုပင်မြို့ကြားမှာ SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်ရဲ့ စစ်ဆေးရေးဂိတ် ခြောက်ခုအထိရှိတာဖြစ်ပြီးအဲ့ဒီဂိတ်တွေမှာဒီရက်ပိုင်းယခင်ကထက်အစစ် အဆေး ပိုများနေတယ်လို့သိရပါတယ်။

ဝှေခါအင်းတော်ကြီးကားလမ်းပိုင်းမှာရှိတဲ့ ညောင်ပင်၊ဝှေလုံနဲ့ချောင်းဝ ကျေးရွာထဲက စစ်ကောင်စီအထိုင်တပ်စခန်းတွေကို KIAနဲ့ပူးပေါင်းတပ်တွေ ၂၀၂၄ ခုနှစ်ဇွန်လ ၂၀ ကျော်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အထက်ဖော်ပြပါစခန်းတွေသိမ်းပိုက်ခံလိုက်ရတဲ့နောက် ၂၀၂၄ ခုနှစ် ဇူလိုင်လကနေစပြီး SNAတပ်တွေဟာ စစ်ကောင်စီနဲ့ ပေါင်းပြီး နန့်မွန်းမြို့ထဲမှာခြေကုပ်ယူတပ်ထိုင်လာတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button