ချီဖွေမှာ တာဝန်ကျတဲ့ KIO အုပ်ချုပ်ရေးဝန်ထမ်းတွေ ပြည်သူကို ငဲ့ညာဖို့ တောင်းဆို

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ တာဝန်ကျတဲ့ အုပ်ချုပ်ရေးတာဝန်ခံသူတွေအနေနဲ့ အရပ်သားဆက်ဆံရေးကို ကြိုးစားမြင့်တင်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။
ချီဖွေမြို့ကို KIA သိမ်းပိုက်လိုက်ပြီးနောက် အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေတာ ၆ လခန့်ကြာလာချိန် ဒေသအတွင်း အုပ်ချုပ်ရေးပိုင်းတာဝန်ရယူထားတဲ့ KIO အရာရှိတစ်ချို့ရဲ့ လုပ်ရပ်တွေအပေါ် ချီဖွေဒေသခံတွေက KNG သတင်းဌာနကို ပြောဆိုလာတာ ဖြစ်ပါတယ်။
အစိုးရ တာဝန်ခံတွေအနေနဲ့ အရပ်သားတွေ နဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ ကြမ်းတမ်းတဲ့ အပြုအမူ မကြာခဏ ကြုံတွေ့ရတယ်လို့ ချီဖွေဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။
“မြို့ထဲမှာရှိတဲ့ KIO ရဲအဖွဲ့တွေက အကင်ဆိုင်က အမျိုးသားတစ်ဦးကို ရိုက်နက်တာတွေ လုပ်တယ်။ သေတော့ မသေဘူး။ ဒါပေမယ့် သွေး တအားထွက်တော့ တော်တော်လည်း ပြန်ကုလိုက်ရတယ်။ ပြီးရင် ဗမာကွမ်းယာဆိုင်က အမျိုးတစ်မျိုး တစ်ဦးကိုလည်း ရဲအဖွဲ့တွေက ကွမ်းယာထဲမှာ ဆံပင်မွေးပါတယ်ဆိုပြီး ရဲစခန်းကို ခေါပြီး ခြိမ်းခြောက်ပြောဆိုတယ်။ ပြီးရင် ဒီရက်ပိုင်းအတွင်းမှာပဲ ၂၀ ကျော်လောက်ပဲရှိတဲ့ အမျိုးသားတစ်ဦးလည်း သူခိုးညှိုးပြီး ခြိမ်းခြောက်တာတွေ လုပ်တာ။ သူ့ယောက္ခမ အထက်ကို တိုင်မယ် ဘာညာပြောမှ ရဲစခန်းကနေ ပြန်လွတ်ပေးလိုက်တာဟုတ်တယ်။ တခြားဖြစ်တဲ့ ပြဿနာတွေရှိသေးတယ်”လို့ ပြောပါတယ်။
KIO ရဲတပ်သားတွေက အကင်ဆိုင်ရောင်းတဲ့ အိမ်ရှင်အမျိုးသားကို ရိုက်နက်တဲ့ဖြစ်စဉ်၊ ကွမ်းယာဆိုင်က ဆိုင်ရှင်အမျိုးသမီးနဲ့ အသက် ၂၀ ဝန်းကျင်ရှိတဲ့ လူငယ်တစ်ဦးကို သူခိုးငြိုးပြီး ရဲစခန်းအထိခေါ်ယူ ခြိမ်းခြောက်တဲ့ ဖြစ်စဉ်အပြင် တခြားဖြစ်စဉ်တွေလည်း ပြည်သူလူထုကြားမှာ မကြာခဏ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

အကင်ဆိုင်ရောင်းတဲ့ အိမ်ရှင်အမျိုးသားရိုက်နက်ခံရတဲ့ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရိုက်နက်ခံရတဲ့ အမျိုးသားက တစ်လကျော်ခန့် ဆေးကုသခံယူလိုက်ရပြီးနောက် ချီဖွေအုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် ၂ သိန်းလာပေးသဖြင့် ကျေအေး ပေးရတယ်လို့ သိရပါတယ်။
ချီဖွေဒေသခံတွေဟာ နှစ်ပေါင်း ၅၀ ခန့်အကြာ ပြည်သူ့စစ်အုပ်ချုပ်တဲ့ လက်အောက်မှာ အခြေချနေထိုင်ခဲ့ရာမှ KIO အုပ်ချုပ်ရေးစနစ်သို့ ချက်ချင်းပြောင်းလဲသွားချိန် ဒေသအတွင်း စည်းမျဉ်းအသစ် နဲ့ ဘာသာစကား ခက်ခဲမှု စတဲ့ ကဏ္ဍမှာ စိန်ခေါ်မှု ရှိနေတယ်လို့ ပြောပါတယ်။
အုပ်ချုပ်ရေးစနစ်တွေ ပြောင်းလဲသွားတာနဲ့ အညီ ဒေသခံတွေအနေနဲ့ စနစ်သစ်ကို လိုက်လျောညီထွေအောင် နေထိုင်ဖို့ ကြိုးစားနေရချိန် အစိုးရ တာဝန်ရှိသူတွေအနေနဲ့လည်း အရပ်သားကို ဗဟိုပြုပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
“မြို့မှာ ဘာလိုအပ်နေလဲ ဒီထက်ပိုကောင်းအောင် ဘယ်လို လုပ်ဆောင်သွားမလဲ ရပ်မိရပ်ဖတွေနဲ့ တစ်သားထဲသွားချင်တာ။ ပညာရေးပဲဖြစ်ဖြစ် ကျန်မာရေးပဲဖြစ်ဖြစ် အားနည်းနေတဲ့ပိုင်းတွေ အများကြီးရှိနေသေးတယ်။ ဘယ်လိုနေရာဘာဖြစ်စေချင်လဲ ဘာလေးလိုအပ်နေလဲ ။ ပြည်သူလူထုတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းလာအောင် လမ်းပန်းဆက်သွယ်ရေး ကအစ သေချာလေး လုပ်ပေးစေချင်တယ်။ လက်ရှိအချိန်မှာ လုပ်ဖို့ အားနည်းနေသေးရင်လည်း လူထုနဲ့ ဘယ်လိုသွားကြမလဲ စဉ်းစားစေချင်တယ်။ အခုချိန်မှာဆို ပြည်သူတွေက ကြပ်တည်းနေကြတာ ဟုတယ်။ ဒါကိုလည်း တာဝန်ရှိတဲ့သူတွေကို နားလည်စေချင်တယ်”လို့ ပြောပါတယ်။
လက်ရှိချီဖွေမြို့တွင်းပုံ
ချီဖွေဒေသခံတွေက ပြီးခဲ့တဲ့ ချီဖွေမြို့သိမ်းတိုက်ပွဲ မဖြစ်ခင်ကတည်းက ကာလကြာရှည်စွာ ဘေးလွတ်ရာကို စစ်ရှောင်ဘေး တိမ်းရှောင်ခဲ့ရပြီး ၂၀၂၄ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှ နေရပ်ပြန်လာနေထိုင်ကြတာဖြစ်ပါတယ်။
ဒါကြောင့် အဖက်ဖက်ကနေ ကြပ်တည်းနေသေးတဲ့အချိန်မှာ အခွန်ကောက်နှုန်းကိုလည်း လျှော့ပေါ့ပေးဖို့ ထည့်သွင်း တောင်းဆိုနေကြပါတယ်။
KIO အစိုးရ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုင်တည်ဒေသတွေဟာ ကချင်မျိုးနွယ်ထဲက လော်ဝေါ် ၊ လာချိတ် လူမျိုးအများဆုံးနေထိုင်တဲ့ ဒေသတွေ ဖြစ်ပါတယ်။
ဒေသအတွင်း အုပ်ချုပ်နေတဲ့ KIO တာဝန်ရှိသူနဲ့ ပြည်သူလူထုကြားဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လက်ရှိ ချီဖွေမှာ အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတစ်ဦးက “အုပ်ချုပ်ရေးယန္တရားသေချာလည်ပတ်လာနိုင်တာက တိုက်ပွဲဖြစ်ပြီး နှစ်လလောက်အကြာ ၂၀၂၄ ၁၀ လပိုင်းကုန်ခါနီးလောက်မှာ အုပ်ချုပ်ရေးစနစ်ကိုလည်ပတ်လာနိုင်တာ ၄ လလောက်တော့ရှိလာပြီ။ ကျနော်တို့နဲ့ ပြည်သူလူထုတွေကြားမှာ ဖြစ်နေတဲ့ အခြေအနေတစ်ချို့က မှန်ကန်တဲ့ အချက်အလက်တွေရှိသလို တစ်ချို့က သိပ်မမှန်ကန်တာလည်းပါတယ်။ ဖြစ်စဉ်တစ်ချို့က အကြောင်းကြောင့် ဖြစ်လာရတဲ့ အခြေအနေတွေရှိသလို ပြန်လည် နားလည်ပေးလိုက်ရတာလည်းရှိတယ်”လို့ပြောပါတယ်။
အဲဒီဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ မိခင်ဘာသာစကားနဲ့ ဗမာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ကြတာဖြစ်ပြီး ဂျိန်းဖော့စကားကို ပြောဆိုနားလည်ဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။
ဒေသကို အုပ်ချုပ်နေတဲ့ KIO တာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေကြား ဘာသာစကားအခက်အခဲကြောင့် အပြန်အလှန် ပြောဆိုတဲ့ စကားလုံးတစ်ချို့က နားလည်မှု ကွဲလွဲသွားပြီး အငြင်းပွားမှု ဖြစ်ပွားတာလည်းရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဒါကြောင့် KIO အုပ်ချုပ်ရေးယန္တရားအောက်မှာ သွားနေပြီဖြစ်တဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော် နဲ့ ကန်ပိုင်တည် ဒေသတွေမှာ အုပ်ချုပ်ရေးခိုင်ခံ့ဖို့ တည်ဆောက်နေတဲ့ အချိန်ကာလနဲ့ ဘာသာစကားအခက်အခဲတွေကြောင့်လည်း အုပ်ချုပ်ရေးပိုင်းမှာ အခက်အခဲတစ်ချို့ ကြုံတွေ့နေရတာဖြစ်တယ်လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။
“အခုချိန်အထိ ဒေသမှာ တာဝန်ယူထားတဲ့ တာဝန်ရှိသူတွေကလည်း ပထမတစ်ချက် ဘာသာစကား မပေါက်ကြတာက အခက်အခဲတစ်ခု ဖြစ်တယ်။ နောက်တစ်ခု အရမ်းကျွမ်းကျင်တဲ့ လူအင်အား မရှိသေးတာလည်း ပါတယ်။ ဒေသခံပြည်သူတွေကိုလည်း တာဝန်ပေးရတာတွေရှိပါတယ်။ ဒါပေမယ့် ပေးလို့မရတဲ့ အခြေအနေတွေ ရှိတယ်။ KIO မှာလည်း အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ မူဝါဒတွေရှိပါတယ်။ အဲဒီတည်ဆောက်ပုံအတွင်းထဲကနေ သွားနေတာဖြစ်ပါတယ်။ ဒေသခံတွေနဲ့ ပြဿနာတစ်ချို့တွေကျတော့ မူပေါ်လစီနဲ့ ဆိုင်နဲ့ အရာတွေ မဟုတ်တဲ့အတွက် ဒေသမှာရှိတဲ့ တာဝန်ခံတွေက ပိုသိပါလိမ့်မယ်” လို့ ပြောပါတယ်။
မြို့နယ်၊ ကျေးရွာတွေမှာ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေး အခန်းဏ္ဍမှာလည်း ဒေသခံရပ်ဖိရပ်ဖတွေနဲ့ ပူးပေါင်းပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဆက်ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ နေရာမှာတွေမှာ KIO ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (Pat Jasan) လုပ်ငန်းတွေကို အဓိက လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
နှစ်ပေါင်း ၅၀ ခန့်အကြာ ပြည်သူ့စစ်အုပ်ချုပ်မှုအောက်မှာ နေထိုင်ခဲ့ရတဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ ကန်ပိုင်တည် ဒေသတွေကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလ အတွင်းမှာပဲ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
အလားတူ ပန်ဝါ၊ ဆော့လော်၊ ကန်ပိုင်တည် ဒေသတွေမှာလည်း ဒေသအတွင်း အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ တာဝန်ရှိ လူကြီးတွေနဲ့ ဒေသခံပြည်သူတွေကြား လူမှုရေးပြဿနာ မကြာခဏဖြစ်ပေါ်နေတဲ့အတွက် KIO ဗဟိုအစိုးရက တာဝန်ယူဖြေရှင်း လုပ်ဆောင်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)