ဒေသခံများ သဘောတူညီမှုရှိမှသာ ရွှေတူးဖော်ခွင့်ပေးတယ်လို့ KIO ပြောဆို

ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒ မရရှိဘဲ သယံဇာတ မတူးဖော်ဖို့ဆိုတဲ့ KIO ရဲ့ မူဝါဒအတိုင်း အဆိုပါလုပ်ငန်းတွေကို KIO က ပုံမှန် စောင့်ကြည့်စစ်ဆေးနေတယ်လို့ ပြောပါတယ်။
လက်ရှိ ကချင်ပြည်နယ်အတွင်း KIO ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ သယံဇာတ ရွှေတူးဖော်မှုတွေကို ဒေသခံတွေရဲ့ သဘောတူညီမှုရှိမှသာ လုပ်ဆောင်နေတာဖြစ်တယ်လို့ KIO ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောပါတယ်။
“KIO ကနေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဌာနဖွင့်ပြီး ပုံမှန် လုပ်ဆောင်နေတာရှိတယ်။ ရွှေတူးဖော်မှုတွေ ရှိတယ်ဆိုတာ အဲဒီနေရာ၊ အဲဒီရွာက ဒေသခံပြည်သူတွေရဲ့ သဘောတူညီမှုမရှိရင်တော့ ရွှေတူးဖော်ခွင့်က မပေးပါဘူး။ ကျနော်တို့ရဲ့ မူဝါဒက အများပြည်သူပိုင်နယ်မြေ၊ သမိုင်းဝင်နယ်မြေ၊ အရေးကြီးတဲ့နေရာတွေလိုမျိုးမှာ ရွှေမတူးဖော်ရလို့ ဆိုထားတာဖြစ်တယ်”
ထို့အပြင်“လယ်ယာမြေ၊ အိမ်ခြံမြေတွေကို ပိုင်ရှင်တွေ သဘောတူညီမှုမရှိဘဲ မတူးဖော်ရ။ ရွှေတွင်းဖွင့်မယ်၊ ရွှေတူးမယ် ဆိုရင်တောင် အဲဒီဒေသက ဒေသခံတွေရဲ့ သဘောတူညီမှုရှိမှ လုပ်လို့ ရမယ်လို့ ဆိုထားတာဖြစ်တယ်။ ဒီထဲမှာ လက်ရှိ မိမိကိုယ်စီတိုင်းက ကိုယ့်နေရပ်ဒေသမှာ ရွှေတူးဖော်နေတာတွေကို ဝိုင်းဝန်းစောင့်ကြည့်ရမှာဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူ က ဆက်လက်ပြောဆိုခဲ့ပါတယ်။
၂၀၂၄ ခုနှစ် မတ်လမှာ စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ထိုးစစ်မှာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ကချင်ပြည်နယ် မြို့နယ်တိုင်းမှာ သယံဇာတတူးဖော်မှုတွေက ပိုမိုဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။
မလိခ မြစ်ဖျားပိုင်းနဲ့ မေခ မြစ်ဖျားပိုင်း မှာ သာမက ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ ရွှေတူးဖော်မှုတွေကြောင့် မြစ်ရေပျက်စီးမှုနဲ့ သဘာဝ ရေ၊ လေပျက်စီးမှုနှုန်းတွေဟာ တစ်နှစ်ပြီးတစ်နှစ် ပိုမိုမြင့်တက်လာတာကို တွေ့ရပါတယ်။
ကချင်တြိဂံ နယ်မြေ အင်ဂျန်းယန်ဒေသဘက်မှာလည်း ၂၀၂၄ ခုနှစ်ကစပြီး မြို့နယ်နိမိတ်အတွင်းအထိ ရွှေတူးဖော်မှုတွေ ရှိလာနေသလို ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မြစ်ကြီးနား–ဗန်းမော် ကားလမ်းမတစ်လျှောက် ဂါးရာယန်၊ ကဇူး၊ ဒဘတ်၊ ကန်တော်ယန် စတဲ့နယ်မြေတွေမှာလည်း ရွှေတူးဖော်မှုတွေ မြင့်တက်လာတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်ကထက် ပိုပိုတူးလာတာရှိတယ်။ အကုန်လုံးက အလုပ်အကိုင်ရှားပါးလို့ တော်တော်များများက ကိုယ့်ဟာကိုယ် ရွှေတူးဖော်ကြတာလည်းရှိတယ်။ မြစ်ကမ်းဘေးတစ်လျှောက်က အရင်ကနဲ့မတူတော့ဘူး။ တူးတဲ့ဟာတွေက တောက်လျှောက်ပဲ၊ အမိုက်ပစ်တဲ့သူကပစ်၊ ရွှေတူးဖော်မှုတွေကလည်း တစ်ရက်ပြီးတစ်ရက် ပိုများလာတာကို တွေ့ရတယ်”လို့ မြစ်ကြီးနားဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ထိန်းချုပ်နယ်မြေသစ်တွေမှာ အရင်က မရှိခဲ့ဖူးတဲ့ ရွှေတူးဖော်မှုတွေ ရှိလာတာကြောင့် KIO အနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းမှာ အားနည်းချက်များစွာ ရှိနေတယ်လို့ ဒေသခံပြည်သူလူထုတွေက ထောက်ပြဝေဖန်ပြောဆိုနေကြပါတယ်။
KIO အစိုးရကလည်း ရွှေတူးဖော်မှုတွေကို ဆန်းစစ်တဲ့ သီးသန့်အဖွဲ့တစ်ဖွဲ့ထားရှိကာ အခြေအနေတွေကို ပုံမှန်စစ်ဆေးနေတယ်လို့ ပြောဆိုပါတယ်။
“အခုပြည်သူတွေမှာ ဖြစ်နေတာက တချို့က ကိုယ့်အိမ်ခြံမြေတွေကို ရောင်းစားလိုက်ပြီး ရွှေတူးဖော်ခွင့်ပေးလိုက်တယ်။ တချို့က တကယ့်ကို ကိုယ့်အိမ်၊ ခြံမြေကို ရောင်းစားပြီး ကိုယ်တိုင်လည်း တူးဖော်တယ်။ ပြီးမှ KIO က ရွှေတူးဖော်ခွင့်ပေးတယ်လို့ ပြောကြတာတွေလည်း ကျနော်တို့က အများကြီး တွေ့ကြုံရတယ်။ ဒီလိုအရာတွေကို ကျနော်တို့ KIO အနေနဲ့လည်း ရွှေတူးဖော်မှုတွေကို ဆန်းစစ်တဲ့ သီးသန့်အဖွဲ့ဖွဲ့ပြီး ဘယ်လိုအခြေအနေရှိနေတယ်ဆိုတာကို ပုံမှန်ဆန်းစစ်နေတဲ့ အဖွဲ့လည်း ရှိတယ်လို့ ပြောချင်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောပါတယ်။
ကချင်–တရုတ်နယ်စပ်ဒေသ ချီဖွေ၊ ကန်ပိုက်တီ၊ ပန်ဝါ၊ ဆဒုံး၊ ဖရဲ၊ မံစီ၊ မိုးမောက်၊ မိုင်ဂျာယန် စတဲ့နယ်မြေတွေမှာ မြေရှားသတ္တု တူးဖော်ကြပြီး ဒီမြေရှားသတ္တုတူးဖော်မှု လုပ်ငန်းအားလုံးကိုလည်း လက်ရှိ KIO အစိုးရက ထိန်းချုပ်ထားပါတယ်။
တစ်ဖက်မှာ ကျောက်စိမ်းတူးဖော်ရာနယ်မြေ ဖားကန့်အပါအဝင် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ မိုးညှင်း၊ ဟိုပင်၊ တနိုင်းဒေသ နဲ့ ဆွမ်ပရာဘွမ်၊ ပူတာအို၊ လန်ဆယ် စတဲ့ ဒေသအားလုံးနီးပါးမှာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ပေးမှုအောက် ရွှေတူးဖော်မှု အများပြားရှိနေကြတာဖြစ်ပါတယ်။
တရုတ်လုပ်ငန်းရှင်တွေအပြင် ကချင်ဒေသထဲက ထိပ်သီးလုပ်ငန်းရှင် ခရိုနီအများစုက စစ်ကောင်စီတပ်အပြင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သဘောတူညီမှုတွေ ရယူထားပြီး သယံဇာတ ထုတ်ယူ တူးဖော်မှု လုပ်ငန်းတွေကို ပြုလုပ်ကြတယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၄ နှစ်အတွင်း ကချင်ပြည်နယ်အတွင်း သယံဇာတတူးဖော်မှုတွေ အထိန်းအကွပ်မရှိ များပြားလာခဲ့ပြီး အကျိုးအမြတ်ယူနေတဲ့ အဖွဲ့အစည်းတွေထဲမှာ စစ်တပ်၊ စစ်ကောင်စီလက်အောက်ခံဌာနများ၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေအပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တို့ ပါဝင်နေတယ်လို့ Myanmar Resource Watch ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
ကချင်မှာ သဘာဝသယံဇာတ ထုတ်ယူမှုကို အလွန်အကျွံပြုလုပ်ခြင်းကြောင့် မြစ်များ၊ ချောင်းများ၊ ရေလမ်းကြောင်းတွေ ပျက်စီးကာ သစ်တောပြုန်းတီးခြင်း၊ မြေဆီလွှာတွေပျက်စီးပြီး လူနေမှုပြဿနာများအပြင် သဘာဝဘေးအန္တရာယ်တွေလည်း မကြာခဏ ကြုံတွေ့လာရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး စောင့်ကြည့်လေ့လာနေသူတွေ ပြောပါတယ်။
By – ဂျာဘောက်ရာ