စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေက အမျိုးသမီးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ

စစ်ကောင်စီကနေပြီးတော့ ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် လူငယ်တွေကို စစ်သားစုဆောင်းမှုတွေ ပြုလုပ်လာတာဟာ ၂၀၂၅ဧပြီလ ထိဆိုရင်အပတ်စဉ် ၁၂ထိ ရှိလာပြီဘဲ ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ ဖေဖော်ဝါရီလကနေ ၂၀၂၅ ဖေဖော်ဝါရီလအထိ အတင်းအဓမ္မဖမ်းဆီးခံရသူပေါင်း ၂၃၆၀၁ဦး ထိရှိလာပြီး အဲထဲမှာမှ အမျိုးသား ၉၃၉၃ဦး၊ အမျိုးသမီး ၇၂ဦး၊ အသက်မပြည့်သေးသူ၂၇ဦး၊ ကျားမမသေချာသူ ၁၄၁၀၉ဦး ထိရှိတယ်လို့ မတ်လ၁၃ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ဒါအပြင် အဖွဲ့ပေါင်း ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသားလူမျိုးစုများ၊ အမျိုးသမီးများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကိုယ်စားပြုပါဝင် လူအခွင့်အရေး မှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma)ရဲ့ ဧပြီလ ၂၇ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီအနေနဲ့ အမျိုးသမီးတွေကို စစ်မှုထမ်းရန်အကျုံးမဝင်သေးဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် လက်ရှိအခြေအနေမှာတော့အတင်းအဓမ္မ စစ်မှုထမ်းစာရင်းသွင်းတာတွေကိုပါ ပြုလုပ်လာတယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အမျိုးသမီးတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်လဲ။ အမျိုးသမီးတွေအနေနဲ့ကော ဘယ်လို လူ့အခွင့်အရေးချိုးဖောက်တာတွေ ခံနေရလဲ ဆိုတာတွေနဲ့ ပက်သက်ပြီး မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း ဒါရိုက်တာ၊ ND-Burma ကွန်ယက်ရဲ့ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဝင် ကိုနိုင်အဲမွန် ကို KNG ကနေပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ပထမဦးဆုံးအနေနဲ့ နာမည်နဲ့တာဝန်ယူထားတဲ့အပိုင်းလေး မိတ်ဆက်ပေးပါအုံး။
ဖြေ။ ။ ကျွန်တော်က မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်းက နိုင်အဲမွန် Program Director တစ်ယောက်အနေနဲ့ လက်ရှိအဖွဲ့အစည်းမှာ တာဝန်ယူနေတယ်။ လူအခွင့်အရေး မှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဝင် တစ်ယောက်ဖြစ်တယ်။ ရံဖန်ရံခါ ထုတ်လေ့ရှိတဲ့ အစီရင်ခံစာတွေမှာ ပြောရေးဆိုခွင့်ရှိသူအနေနဲ့ တာဝန်ထမ်းဆောင်တယ်။ တစ်ချိန်တည်းမှာဘဲ ဒီကွန်ယက်နဲ့ ပက်သက်တဲ့ လူ့အခွင့်အရေး ပညာပေးရေးတို့ မှတ်တမ်းတင်ရေးတို့မှာ ကျွန်တော်တို့က စီမံခန့်ခွဲရေးတွေလုပ်ပေးတာ ရှိပါတယ်။
မေး။ ။လက်ရှိ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေက အမျိုးသမီးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ။
ဖြေ။ ။ ဘယ်လို သက်ရောက်မှုတွေ ရှိလဲဆိုတော့ ထိုင်းနယ်စပ်တို့ EROနယ်မြေတွေမှာအပါ အမျိုးသမီးလူငယ်တွေ ထွက်ပြေးတိမ်းရှောင်တာတွေ ဖြစ်လာတယ်။ နောက်တစ်ခုက အိမ်ကနေ မထွက်ချင်ဘဲနဲ့ တစ်နေရာရာကို တရားမဝင်အလုပ်သမားဘဝနဲ့ ထိုင်းနဲ့မလေးရှားလို နိုင်ငံတွေမှာ အတင်းအဓမ္မတွန်းပို့ ခံရသလို ဖြစ်လာတယ်။ တစ်ချိန်တည်းမှာဘဲ သွားရေးလာရေးနဲ့ ပက်သက်ပြီး အမျိုးသမီးလူငယ်တွေအတွက် မလုံခြုံမှုတွေ ဖြစ်လာတယ်။ စစ်ဆေးရေး ဂိတ်တွေမှာ ရှောင်တခင်ဖမ်းဆီးမှုတွေ ငွေညစ်တဲ့ ကိစ္စတွေနဲ့ မဖွယ်မရာစစ်ဆေးတဲ့ ကိစ္စတွေဖြစ်လာတယ်။
မေး။ ။ အဲတော့ စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေမှာ အမျိုးသမီးတွေကို ဘယ်အချိန်လောက်ကတည်းက ပစ်မှတ်ထားလာလဲ။ဘယ်လိုပုံစံမျိုးတွေနဲ့ ပြုလုပ်လာတာကို တွေ့ရလဲဗျ။
ဖြေ။ ။ ဘယ်အချိန်လောက်ကနေ စာရင်းသွင်းလာတာလဲဆိုတော့ သူတို့ဘက်ကလုပ်တဲ့ စစ်မှုထမ်းကိစ္စက အခုဆိုရင် အပတ်စဉ် ၁၂လောက်ရှိပြီ တစ်နိုင်ငံလုံးက။ အပတ်စဉ် ၉,၁၀လောက်ကနေပြီးတော့ အမျိုးသမီးတွေကို ပစ်မှတ်ထားလာတာတွေရှိတယ်။ ဥပမာဆိုလို့ ရှိရင် အိမ်ထောင်စု စာရင်းတွေကို တောင်းကြည့်ပြီး စစ်ဆေးတာတို့ အမျိုးသားတွေအပါအဝင် အိမ်ထောင်စုမှာရှိတဲ့ အမျိုးသမီးကလေးတွေကိုလည်း အဓမ္မစာရင်းသွင်းတဲ့ ကိစ္စတွေ ဖြစ်လာတယ်။ သူတို့ဗျူဟာက ရိုးရှင်းပါတယ်။ အတင်းအဓမ္မဖိအားပေးတာကိုဘဲ ကျင့်သုံးတာတွေ့ရတယ်။ အဓိကတော့ အမျိုးသားလူငယ်တွေကို ပစ်မှတ်ထားနေရင်းကနေပြီးတော့ အသက် ၁၈ နှစ်ကနေ ၂၇နှစ်ကြားမှာ ရှိနေတဲ့ အမျိုးသမီးလူငယ်တွေကို ပစ်မှတ်ထားလာတယ်။ အဓိကတော့ ဖမ်းတာဆီးတာတွေ မဟုတ်သေးဘူး အိမ်ထောင်စုမှာ အမျိုးသမီးလူငယ်ရှိတယ်ဆိုရင် သူ့မိဘတွေကို စစ်မှုမထမ်းစေချင်လို့ရှိရင် ကျွန်တော်တို့တောင်းတဲ့ ငွေပေးပါဆိုပြီး ငွေညစ်တာပေါ့ အဲလိုဖြစ်နေတာက အပတ်စဉ် ၉,၁၀,၁၁ တောက်လျှောက်ဖြစ်ခဲ့တာ။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္လာရီတိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်းညောင်လေးပင် ခရိုင်တို့မှာ တောက်လျှောက်ဖြစ်ခဲ့တာ ဗျူဟာကတော့ ရိုးရှင်းတယ် ဖိအားပေးတယ် ငွေညစ်တယ်။ အဲဒီလုပ်တဲ့သူတွေကလည်း ထွေအုပ်တွေ၊ ရပ်ကျေးအစဉ် အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် သူတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မြို့ရွာတွေမှာလှည့်ပြီး စာရင်းလိုက်ကောက်ပြီး လူစားငှားမယ်ဆိုပြီး ငွေညစ်တာတွေကို တစ်ဆင့်ခြင်းလုပ်နေတဲ့ထဲမှာ အမျိုးသမီးလူငယ်တွေ ပါဝင်လာတာ တွေ့ရတာဖြစ်တယ်။
မေး။ ။ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေအပေါ် ဘယ်လိုပြောထားတာရှိလဲ။ သူတို့အနေနဲ့ကော မြေပြင်မှာလုပ်ဆောင်နေတာတွေက ဘယ်လိုကွာခြားမှုတွေ ရှိလဲ။
ဖြေ။ ။ စစ်မှုမထမ်းမနေရ ဥပဒေထဲမှာ အမျိုးသမီးတွေအတွက် ပါဝင်တာရှိတယ်။ ဥပမာ တိုင်းပြည်လုံခြုံရေးအတွက် အမျိုးသမီးလူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေကို ထည့်သွင်းအသုံးပြုသွားမယ်ဆိုတာတွေပါတယ်။ အမျိုးသားတွေနဲ့ကတော့ မတူဘူးပေါ့။ အမျိုးသမီးတွေကတော့ အသက် ၁၈ နှစ်ကနေ ၂၇နှစ်ကြားထဲမှာရှိတဲ့သန်မာကျန်းမာရေးကောင်းတဲ့ အမျိုးသမီးတွေကို နိုင်ငံတော်ကာကွယ်ရေး အစီအစဉ်တွေထဲမှာ ထည့်သွင်း အသုံးပြုသွားမယ်လို့ အတိအလင်း သူတို့ပြဌာန်းထားတာရှိတယ်။ အဲတာတွေကို စွဲကိုင်ပြီးတော့ လူငယ်တွေကို စာရင်းလိုက်ကောက်နေတာရှိတယ်။ ဥပမာ– ပြီးခဲ့တဲ့ သုံးလေးလလောက်က မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ အမျိုးသမီးတွေကို ဖမ်းဆီးပြီးတော့ နီးစပ်ရာတပ်စခန်းပို့ပြီး အတင်း စစ်သင်တန်းပေးတာတွေ ရှိလာတယ်။
မေး။ ။ လက်ရှိမှာကော ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေကောဘယ်လောက်ထိရှိနေပြီလဲ။ သူတို့ရဲ့ လုံခြုံရေး အခြေအနေတွေကော ဘယ်လိုရှိနေလဲ။
ဖြေ။ ။ အမျိုးသမီး ဖမ်းဆီးခံရတဲ့ အခြေအနေက နည်းတယ်ဆိုပေမယ့်လို့ စပြီးဖြစ်လာတဲ့ အနေအထားတော့ ရှိလာပြီ။ ခုနကျွန်တော်ပြောတဲ့ cases တွေကတော့ ကြိုကြားကြိုကြား ဖြစ်တဲ့ဟာတွေ တစ်နိုင်ငံလုံးအတိုင်းအတာအရဆိုရင် ကျွန်တော်ခန့်မှန်းတာ လူဦးရေ တစ်ထောင်ကျော်တော့ ဖြစ်သွားပြီ။ သို့ပေမယ့် ရှေ့တန်းထွက်ပြီး စစ်မှုထမ်းရတဲ့ အခြေအနေတော့ မတွေ့ရသေးဘူး။ ဘယ်လိုမျိုးတွေ့ရလဲဆိုတော့ အနောက်တန်း ယန္တရားတွေ တပ်နဲ့ပတ်သက်တဲ့ စီမံခန့်ခွဲရေးယန္တရားတွေမှာ အသုံးပြုနိုင်ချေရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တော့ ရှိတယ်။ အတွင်းကလာတဲ့ သတင်းပေးသူတွေပြောတာကတော့ နောက်တန်းက ထောက်ပို့တွေ၊ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေ၊ ရိက္ခာတွေနဲ့ ပတ်သက်တဲ့ ထိန်းသိမ်းစီမံရေးတွေမှာ အမျိုးသမီးတွေကို သုံးလာတာတွေ့ရတယ်။ ဒါဟာလည်းဘဲ စစ်ယန္တရားလည်ပတ်ဖို့အတွက် မတရားအသုံးပြုခံထားရတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပြောနေရခြင်းဖြစ်တယ်။ ဒီထက်ပိုပြီး ဖြစ်လာနိုင်ချေရှိတာက တပ်ထဲမှာဆိုလို့ရှိရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ ကိစ္စတွေ၊ ခြိမ်းခြောက်တာတွေ၊ မိဘတွေအပေါ်မှာလည်း ကိုယ့်ရဲ့သားသမီးတွေကို အကြောင်းပြုပြီးတော့ ငွေညစ်တာတွေများလာတယ်။ ဒီထက်ပိုဆိုးပြီး ကိုယ့်ရဲ့နေရပ်ရေးမှာ မနေနိုင်တော့ဘဲ တခြားနေရာကိုသွားရင်းနဲ့ ကြားမှာ လူကုန်ကူးခံရမယ့် ကိစ္စတွေ ဖြစ်လာတာတွေရှိတယ်။ ချိုးဖောက်မှုတစ်ခုကို အကြောင်းရင်းပြုပြီးတော့ ဆင့်ကဲဆင့်ကဲဖြစ်လာနိုင်တဲ့ ချိုးဖောက်မှုတွေကို လက်လှမ်းမှီသလောက် စုစည်းပြီးမှ တင်ပြထားတာဖြစ်တယ်”။
မေး။ ။ ND-Burmaရဲ့ ထုတ်ပြန်ချက်ထဲမှာဆိုရင် အမျိုးသမီးတွေကို အတင်းအဓမ္မစစ်မှုထမ်းစေခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် လူကုန်ကူးမှုကိုပါ ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီအခြေနေကိုပြောပေးပါအုံး။
ဖြေ။ ။ကျွန်တော်တို့ တွေ့ရှိရသလောက်ဆိုရင် မတရားစစ်မှုထမ်းဥပဒေထွက်ပြီးနောက် လူငယ်တွေတော်တော်များများ နိုင်ငံခြားထွက်ကြတယ်။ အများစုက ပညာရေးအရတော်လည်းကောင်း စီးပွားရေးအရတော်လည်းကောင်း တရားဝင်အနေနဲ့ မထွက်နိုင်ကြဘူး။ ကိုယ့်ဒေသမှာဆိုရင်လည်း စစ်အုပ်စုက စစ်မှုထမ်းဥပဒေကနေ ရှောင်ကွင်းလို့ရနိုင်မယ့် အနေအထားဆိုလို့ ကိုယ်နိုင်ငံကနေ မထွက်ချင်ဘဲနဲ့ တစ်နေရာကို သွားရမယ့် ကိစ္စက ရွေးချယ်စရာဖြစ်လာတယ်။ ဒီချိုးဖောက်မှုကနေတစ်ဆင့် အောက်လမ်းကနေ နိုင်ငံခြားထွက်တဲ့အချိန် ပွဲစားတွေကတစ်ဆင့် လူကုန်ကူးမှုတွေ အမှု၂၀၊ ၃၀လောက်ဖြစ်လာတယ် ကျွန်တော်တို့ စုထားတဲ့ ဒေသာတွေအရ။ ဒီထက်ပိုပြီး ဖြစ်လာနိုင်ချေရှိတာက တပ်ထဲမှာဆိုလို့ရှိရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ ကိစ္စတွေ၊ ခြိမ်းခြောက်တာတွေ၊ မိဘတွေအပေါ်မှာလည်း ကိုယ့်ရဲ့သားသမီးတွေကို အကြောင်းပြုပြီးတော့ ငွေညစ်တာတွေများလာတယ်။ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရမှုတွေကို ကျွန်တော်တို့ ပြောရတယ် ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ စစ်အုပ်စုတွေချမှတ်ထားတဲ့ လုံခြုံရေးဂိတ်တချို့တွေမှာ အမျိုးသမီး ဝန်ထမ်းတွေမရှိဘဲနဲ့ အမျိုးသမီးငယ်လေးတွေကို လုံခြုံရေးအရ စစ်ဆေးမေးမြန်းတဲ့အခါ တပ်သားတွေကနေ မဖွယ်မရာ ပြုကျင့်တာတွေ ရှိတယ်။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေရှိလာတယ်။ အဲဒီကတစ်ဆင့် ဖမ်းဆီးခံရတာတွေပါပြန် ရှိလာတယ်။ ဒီထက်ပိုဆိုးပြီး ကိုယ့်ရဲ့နေရပ်ရေးမှာ မနေနိုင်တော့ဘဲ တခြားနေရာကိုသွားရင်းနဲ့ ကြားမှာ လူကုန်ကူးခံရမယ့် ကိစ္စတွေ ဖြစ်လာတာတွေရှိတယ်။ ချိုးဖောက်မှုတစ်ခုကို အကြောင်းရင်းပြုပြီးတော့ ဆင့်ကဲဆင့်ကဲဖြစ်လာနိုင်တဲ့ ချိုးဖောက်မှုတွေကို လက်လှမ်းမှီသလောက် စုစည်းပြီးမှ တင်ပြထားတာဖြစ်တယ်။ ဒီချိုးဖောက်မှုတွေဟာ လူငယ်အမျိုးသား အမျိုးသမီးတွေအပေါ် ဖြစ်လာတာ တွေ့ရှိရတယ်။ ဒါတွေဟာ သူဟာသူဖြစ်လာတဲ့ ချိုးဖောက်မှုတွေ မဟုတ်ဘူး စစ်အုပ်စုကနေပြီးတော့ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ ပြဌာန်းထားတဲ့ ဒီစစ်မှုထမ်းမနေနေရ ဆိုတဲ့ လူငယ်တွေကို သတ်ကွင်းပို့တဲ့ အစီအစဉ်တွေကြောင့်သာ ဖြစ်လာတာ ဖြစ်တယ်။
မေး။ ။ အခုလို စစ်ကောင်စီဘက်က လူငယ်အမျိုးသမီးတွေအပေါ် အတင်းအဓမ္မစစ်မှုထမ်းစေတာက လူအခွင့်အရေးအနေနဲ့ကော နိုင်ငံတကာ ဥပဒေအနေနနဲ့ကော ဘယ်လိုချိုးဖောက်မှုတွေ ပြုလုပ်နေတာလို့ ပြောလို့ရလဲဗျ။ ဒါ့အပြင် ဘယ်လို အရေးယူမှုတွေ လုပ်လို့ရနိုင်လဲဗျ။
ဖြေ။ ။ တကယ်တမ်း စစ်မှုထမ်းဥပဒေဆိုတာက နိုင်ငံတကာမှာရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပြဌာန်းဥပဒေရဲ့ တကယ့်ရည်ရွယ်ချက် အရင်းအခံက ကောင်းတယ်ဗျ။ ဥပမာဆိုလို့ရှိရင် ကိုယ့်နိုင်ငံကို ကာကွယ်တာ၊ လူငယ်တွေကို ထိန်းကျေင်း ပြုပြင်တာဆိုတဲ့ ကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိတယ်။ သို့သော် စစ်အုပ်စုပြဌာန်းလိုက်တဲ့ ကိစ္စက တိုင်းပြည်ရဲ့ တည်ငြိမ်နေတဲ့ ကာလတစ်ခုအတွင်းမှာ မတရားအာဏာသိမ်းလိုက်တယ်။ အဲအာဏာကို ဆုပ်ကိုင်နိုင်ဖို့၊ ကာကွယ်နိုင်ဖို့၊ တည်မြဲနိုင်ဖို့အတွက် ကိုယ့်ရဲ့ ပြည်သူကို သတ်နေတယ်။ လေယာဉ်တွေ ဗုံးတွေနဲ့ အမြောက်တွေနဲ့ တိုက်ပွဲတွေ တစ်ခုပြီးတစ်ခု ဖော်ဆောင်နေပြီး နေ့တိုင်းသတ်နေတယ်။ သတ်နေတဲ့ အထဲမှာ ကိုယ့်နဲ့ ကိုယ်ရန်သူရဲ့ကြားမှာ ဒီကလေးတွေကို အသုံးပြုနေတယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ဒါဟာ တစ်အချက် ဆန္ဒသဘောထားမရှိဘဲနဲ့ စစ်ယန္တရားတွေကို အတင်းသွပ်သွင်းခံရတာ ဖြစ်တဲ့အတွက် forced labour မြောက်တယ်။ ဒီထက်ပိုပြီးပြောရမယ်ဆိုလို့ ရှိရင် လူငယ်တွေကို သတ်ကွင်းထဲကို အစီအစဉ်တကျ ပို့နေတယ်ဆိုတဲ့ အရာဖြစ်တယ်အတွက် ဒါဟာ စစ်ရာဇဝတ်မှုဖြစ်တယ်။ နိုင်ငံတကာမှာလည်း ကျွန်တော်တို့ ဒီလိုဘဲ အဓိပ္ပာယ်ဖွင့်တယ်။ ဘာလို့လဲဆိုတော့ ရ့ည်ရွယ်ခြင်းကိုက မတရားအာဏာသိမ်းထားတယ်။ အဲဒီအာဏာသိမ်းတာကို လူထုက တော်လှန်ကြတယ်။ အဲဒီတော်လှန်တဲ့အခါမှာ ကိုယ့်ရဲ့အာဏာတည်မြဲဖို့အတွက် လူငယ်တွေကို ခြနှင်းပြီးတော့ ကိုယ့်ကိုယ့်ကိုကာကွယ်နေတဲ့အခါကြတော့ တစ်ဖက်ကပြန်ကြည့်လို့ ရှိရင် ဒါဟာ လူသားဒိုင်းအနေနဲ့ သုံးနေတဲ့ ကိစ္စဖြစ်တယ်။ နိုင်ငံတကာ ဥပဒေအရ ကြည့်လို့ရှိရင် သိပ်ကြီးလေးသွားတယ်။ တစ်နေ့ စစ်အုပ်စုအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစွာနဲ့ ဒီဟာတွေကို ရင်ဆိုင်ရမှာ ဖြစ်တယ်။ တဖက်က တရားမျှတမှုအတွက် သွားနေတဲ့ အဖွဲ့အစည်းတွေဟာဆိုရင်လည်း ဒီအရာတွေ ဖြစ်ရပ်တွေကို မှတ်တမ်းပြုပြီးတော့ တစ်ချိန် နိုင်ငံရေးကာလတစ်ခုမှာ လူငယ်တွေရဲ့တရားမျှတတွေကို ကိုင်တွယ်ဆောင်ရွက်ရမှာ ဖြစ်တယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ ဒီလိုအနေအနေကနေ လွတ်မြောက်နိုင်ဖို့ အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်တိုင်အနေနဲ့ကော အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ကော ဘယ်လိုလုပ်ဆောင်သင့်တယ်လို့ မြင်မိလဲ။
ဖြေ။ ။ အမျိုးသမီး လူငယ်တွေကိုယ်တိုင်က လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ချိုးဖောက်မှုအခြေအနေတွေကို သိရှိနေရမှာ ဖြစ်တယ်။ သိရှိဖို့အတွက်လည်း ခုလိုမျိုးသတင်းတွေ CSO, CBO,NGOတွေက ထုတ်တဲ့ သတင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာဖို့လိုတယ်။ တစ်ချိန်တည်းမှာဘဲ ကိုယ်နဲ့ အနီးစပ်ဆုံးမှာရှိတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး မြှင့်တင်ရေးဆိုင်ရာ ကွန်ယက်တွေသော်လည်းကောင်း အဲအတွက်လုပ်နေတဲ့ တက်ကြွအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ သော်လည်းကောင်း သိုသိုသိပ်သိပ်နဲ့ ဆက်သွယ်ဆောင်ရွက်သင့်တယ်။ ဒါမှလည်း တစ်ခုခုဖြစ်လို့ ရှိရင် တစ်ယောက်ယောက်က ထုတ်ဖော်ပြောဆိုနိုင်အောင်ဆိုတဲ့အခြေအနေမျိုး ဖန်တီးနိုင်မှာ ဖြစ်တယ်။ နောက်တစ်ခုက conflictဖြစ်တဲ့နေရာတွေ ရှောင်ပြီး စစ်အုပ်စုကြီးစိုးတဲ့ နေရာတွေကနေ လူငယ်တွေ ထွက်ခွာပြီး သတင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုပါတယ်။ ဒါ့အပြင် CSO၊ CBOတွေကလည်း မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာက ပေါ်လစီနဲ့ ဆုံးဖြတ်ချက်နိုင်တဲ့ အမြင့်ဆုံးနေရာက လူတွေအထိ သိရှိနေအောင် AVOCADE အဆက်မပြတ်လုပ်နေဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ EROတွေကလည်း အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်လာတဲ့ လူငယ်တွေကို လူအခွင့်အရေး စံချိန်စံနှုန်းနဲ့အညီ လက်ခံပေးဖို့ ကြည့်ရှုစောင့်မထားဖို့လိုပါတယ်။
မေး။ ။ ဖြည့်စွက်ပြီးမှ ပြောချင်တာများရှိရင်ပြောပေးပါအုံး။
ဖြေ။ ။ စစ်ကောင်စီက လူငယ်တွေကို အသုံးပြုပြီး လူသားဒိုင်းလုပ်နေတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဒီအရာတွေကို ရပ်တန့်နိုင်ဖို့ ကျွန်တော်တို့က နေ့တိုင်းထုတ်ဖော် ပြောဆိုနေမှာဘဲ။ များများပြောလေ ဒီကိစ္စက ပိုပြီး လူသိများလေ ဖြစ်မှာပေါ့။ ရပ်တန့် လောက်တဲ့အထိ ကျွန်တော်တို့ မတက်နိုင်ပေမယ့် ဒီအပေါ်မှာ အာရုံစိုက်နိုင်အောင်တော့ ကျွန်တော်တို့ ပြောရမယ်။ မဟုတ်လို့ ရှိရင် လူငယ်တွေ တော်တော်များများက အကုန် ပြုန်းတီးကုန်မယ်။ ထွက်ပေါက်မရှိ ထွက်လမ်းမရှိတဲ့ ဒေသက လူငယ်တွေက အရမ်းများနေပြီ ။ဒီကြားထဲမှာ သဘာဝဘေးအန္တရာယ်တွေ ငလျင်တွေကြောင့် ပြန်လည်ထူထောင်ရေး မလုပ်နိုင်ဘူး လူငယ်တွေ ဘဝ ဆုတ်ဆုတ် မြုပ်လာတဲ့ ဘဝတွေဖြစ်လာတယ်။ စစ်အုပ်စုကလည်း လူငယ်တွေကို အသုံးပြုတဲ့ ကိစ္စလုံးဝမလျှော့ဘူး။ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာ အကူအညီတွေနဲ့ အခုလိုမျိုး ဖြစ်နေတဲ့ ကိစ္စတွေကို ပေါ်ပေါ်ထင်ထင် ပိုပြီးတော့ ပြောဆိုရမယ့် အနေအထားတော့ ဖြစ်လာတယ်။
By – Hope