သတင်း

အင်းတော်ကြီး- ဖားကန့်လမ်းပိုင်းထိန်းချုပ်နိုင်ဖို့ စစ်တပ်အပြင်းထန်ကြိုးပမ်းနေ၊ ကျေးရွာနှစ်ခု KIA လက်လွှတ်လိုက်ရ

ကချင်ပြည်နယ် အင်းတော်ကြီးဒေသဖားကန့်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်ကအပြင်းထန်ကြိုးစားနေတဲ့အတွက် အင်းတော်ကြီးနေရာဒေသတစ်ချို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကျေးရွာ ၂ ရွာကိုလည်း KIA ပူးပေါင်းတပ်က လက်လွှတ်လိုက်ရတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။

စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီပူးပေါင်းတပ် ဇူလိုင်လ ၁၂ ရက် မနက် ၂ နာရီဝန်းကျင်မှာ အင်းတော်ကြီးမြို့ဘက်ကနေ မိုင်းနောင်၊မမုန်ကိုင်ဘက်ကိုစစ်ကြောင်းထိုးလာရာကနေ လယ်ပုံလေး၊လက်ပံဆိပ်နဲ့ မိုင်းနောင်ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ၃ ရက်တိတိပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ဒီထိုးစစ်မှာ စစ်တပ်ဘက်က တပ်မ (၃၃) တပ်ရင်းမှူးအပြောင်းလဲပြုလုပ်ပြီး ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ပြည်သူ့စစ်ပူးပေါင်းတပ်အင်အားရာဂဏန်းနဲ့ မြေပြင်တပ်သားအင်အား သာလွန်နေတာကြောင့် KIA PDF ပူးပေါင်းတပ်က မိုင်းနောင်နဲ့မမုန်ကိုင်ကျေးရွာကနေ နောက်ဆုတ်လိုက်ရပြီး စစ်ကောင်စီပူးပေါင်းတပ်က ပြန်လည်ထိန်းချုပ်သွားနိုင်တာလို့ဆိုပါတယ်။

မနက်အစောပိုင်းဆိုတော့ ထိပ်တိုက်အခြေအနေထိဖြစ်သွားတာဗျ။ ဟိုဘက်ကအင်အားများတော့ ကိုယ့်လူတွေကနောက်ဆုတ်ပေးလိုက်ရတဲ့အနေအထားထိဖြစ်သွားတယ်ဗျ။ မိုင်းနောင်ရော၊မမုန်ကိုင်ရော ပေးလိုက်ရတယ်ဗျလို့ အင်းတော်ကြီးကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်စဝင်ရောက်လာတဲ့နေ့ မိုင်းနောင်ရွာက နေအိမ်တစ်ချို့ မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦးလည်း ပစ်သတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကောင်စီပူးပေါင်းတပ်က မိုင်းနောင်၊မမုန်ကိုင် အထိုင်ချထားသလို၊ လုံးတုံဘက်ကိုလည်း စစ်အင်အားတစ်ချို့ဆက်ပြီးထိုးစစ်ဆင်သွားတယ်လို့သိရပါတယ်။

လတ်တလောမှာတော့ အင်းတော်ကြီးဒေသဖားကန့်လမ်းပိုင်းရှိ လုံးတုံအနီးမှာ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတဲ့အပြင် မိုင်းနောင်ဒေသခံတွေနဲ့ ကချင်လူမျိုးတွေဟာ  ရွာပြင်ထွက်ခွင့်မရပဲ ရွာထဲပိတ်မိနေသူရှိတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

တစ်ချို့က တိုက်ပွဲဖြစ်တဲ့နေ့ လွှဲမွန်ဘက်ထွက်ပြေးလာနိုင်တဲ့သူတွေရှိတယ်။ ခုတော့ ရွာထဲမှာသွားလာလို့ရတဲ့သူတွေတော့သွားနေကြတယ်။ ဒါပေမယ့် ကချင်တွေနဲ့မိုင်းနောင်ဒေသခံတွေက သွားလာလို့မရဘူး။ ရွာအပြင်ထွက်လို့လည်းမရဘူး မှတ်ပုံတင်ကြည့်ပြီး စစ်ဆေးနေတယ်လို့ ပြောပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့ KIA ပူးပေါင်းတပ်လက်လွှတ်လိုက်ရတဲ့ အင်းတော်ကြီးဒေသထဲက မိုင်းနောင်ကျေးရွာနဲ့မမုန်ကိုင်ကျေးရွာဟာ အာဏာမသိမ်းခင် NLD အစိုးရအောက်မှာရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေရာတွေကို KIA ပူးပေါင်းတပ်က ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် အင်းတော်ကြီးဒေသဟာ မိုးညှင်းဖားကန့်လမ်းမပေါ်ရှိပြီး ဖားကန့်မြို့နယ် ဝှေခါကျေးရွာဘက်ကို ဝင်ရောက်နိုင်တဲ့လမ်းကြောင်းပေါ်မှာရှိတာလည်းဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီပူးပေါင်းတပ်ဟာ ဒီလမ်းပိုင်းအားလုံးထိန်းချုပ်ချင်တဲ့အတွက် ခုလိုထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကစပြီး ဖားကန့်မြို့နယ်ထဲဝင်ရောက်နိုင်တဲ့လမ်းကြောင်းတွေဖြစ်တဲ့ ကားမိုင်းဖားကန့်လမ်း၊အင်းတော်ကြီးဝှေခါလမ်း၊ဖားကန့်ဆယ်ဇင်းလမ်းတွေကနေ စစ်ကောင်စီပူးပေါင်းတပ် စစ်ရးလှုပ်ရှားမှုစတင်လာပြီး ကားမိုင်းလမ်းကြောင်းကနေ ဝင်လာတဲ့ စစ်ကြောင်းက ဖားကန့်မြို့ထဲထိ ဝင်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် ဖားကန့်မြို့ထဲ ဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်ဟာ KIA ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ လမောင်ကုန်းနဲ့မောင်မောလယန်ကို ပြန်ရဖို့ စစ်တပ်က လေကြောင်းအကူနဲ့အပြင်းထန်ထိုးစစ်ဆင်နေတဲ့အတွက် ဖားကန့်မြို့ နေရာတစ်ချို့မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ရွေးကောက်ပွဲလုပ်ဖို့ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ထားချက်အရ လက်လွှတ်လိုက်ရတဲ့နယ်မြေပြန်ရရှိ ရေးကြိုးပမ်းသွားမယ်ဆိုထားသလိုပဲ လက်ရှိမှာလည်း ရွေးကောက်ပွဲကာလနီးလာတာနဲ့အမျှ ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်ရရှိရေးအပြင်းအထန်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button