ခရစ္စမတ်ကာလ နဲ့ သူတို့ အသံ
ကချင်ဒေသတွေမှာ ဒီဇင်ဘာလဆိုတာ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်တွေနဲ့ မိသားစု စုံစုံလင်လင် မွေးရပ်ဒေသ၊ အိမ်၊ ဘုရားကျောင်း စတဲ့ နေရာတွေမှာ စည်းကားသိုက်မြိုက်စွာနဲ့ ခရစ္စမတ်ပွဲကို ကျင်းပလေ့ရှိကြပါတယ်။
ကချင်ဒေသ နေရာတချို့မှာ တိုက်ပွဲငြိမ်သက်ပြီးနောက် နေရပ်ပြန်နေထိုင်ကြပေမယ့် တိုက်ပွဲဖြစ်ပွားနေဆဲ မြို့နယ်ဒေသ အချို့မှာတော့ ပြည်သူတွေဟာ ကိုယ့်နေရပ်ဒေသတွေကို စွန့်စွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ၂၀၁၁ တစ်ကြော့ပြန် တိုက်ပွဲကြောင့် မဟုတ်ဘဲ ၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း ထွက်ပြေးတိမ်းရှောင်လာခဲ့ရတဲ့ နေရာဒေသ တွေကတော့ ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော်၊ မံစီ စတဲ့ မြို့နယ်တွေက နေရာဒေသ အများဆုံးဖြစ်နေတာကို မြင်တွေ့ရပါတယ်။
ဝမ်းမြောက် ပျော်ရွှင်ဖွယ်ကောင်းတဲ့ နှစ်ကုန် ခရစ္စမတ်အချိန်ကာလမှာ အခက်ခဲဆုံး အခြေအနေ ကြုံတွေ့နေရတဲ့ စစ်ရှောင်တွေရဲ့ အသံကို စုစည်းတင်ပြထားပါတယ်။
ဖခင်တစ်ဦး(စန်းကား စစ်ရှောင်စခန်း၊ ဝိုင်းမော်မြို့နယ်)
“အပေါ်ယံ ဘယ်လောက်ထိ ပြုံးနေပေမယ့်လည်း ရင်ထဲမှာတော့ မပျော်ဘူးပေါ့။ တကယ်လို့ ကိုယ့်ရဲ့ ဇာတိကျေးရွာက ဘုရားကျောင်းမှာ ကျင်းပနိုင်ရင်တော့ ဘယ်လောက်ထိတောင် ပျော်ရွှင်မလဲ။ ဘယ်လောက်ထိတောင် ခမ်းနားအောင် ကျင်းပနိုင်လိမ့်မလဲ။ အသင်းသားတွေအနေနဲ့လည်း ဘယ်လောက်ထိတောင် ပျော်ရွှင်မလဲဆိုပြီး ခံစားနေရတာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်က သူများရဲ့ နေရာမှာ နေနေရတဲ့ အခါကြတော့ ဘယ်နနှစ်ဘဲနေနေ ဧည့်သည်ဘဲ ဖြစ်နေတာပေါ့။”
ဖားကန့်မြို့က စစ်ရှောင်အမျိုးသမီးတစ်ဦး
“ကိုယ်တွေက နွေရာသီလောက်ကနေ ရှောင်တိမ်းလာတာဖြစ်တဲ့အတွက် အေးတဲ့ရာသီ ရောက်တော့ အနွေးထည်တွေ မရှိဘူး။ ဒါကြောင့် အရမ်းစိတ်မကောင်းဘူး။ ကိုယ်က တောင့်ခံနိုင်ပေမယ့် ကိုယ့်ရဲ့ သားသမီးတွေက ချမ်းတာမခံနိုင်ဘူး။ အခုက ငွေကြေးအခြေအနေတွေထက် စောင်အနွေးထည်တွေ မရှိတာကို တွေးလိုက်မိလို့ ရှိရင် အရမ်းစိတ်မကောင်းဖြစ်တယ် အရမ်းချမ်းနေတယ်။ အခုအချိန်မှာ ဆုတောင်းချင်တာက အမြဲတမ်း ကျန်းမာနေဖို့ကိုဘဲ မျှော်လင့်မိပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ အိမ်ရှိရာ နေရာဒေသကိုဘဲ အရမ်းပြန်ချင်တယ်။ ပြန်နိုင်ဖို့အတွက်ကိုဘဲ မျှော်လင့်ပြီး ဆုတောင်းနေပါတယ်”
ဆွမ်ပီယန် စစ်ရှောင် အမျိုးသားတစ်ဦး (ပူတာအိုဒေသ)
“ကိုယ့်ရဲ့ ကျေးရွာဒေသမှာ နေတဲ့အချိန်ကြတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတော် ချီးမွမ်းပွဲ၊ ခရစ်စမတ်ပွဲတွေ စည်းကားစွာ လုပ်နိုင်တယ်။ ဒါပေမယ့် အချိန်ကာလကြာပြီး ၂နှစ်လောက်ရောက်လာတဲ့အခါမှာတော့ ပြည်သူတွေခံစားချက်ကတော့ လွမ်းဆွတ် သတိရတာတွေက အများကြီးပေါ့။ ခရစ်စမတ်ပွဲရောက်လာရင်လည်း ခါတိုင်းလိုမျိုး ပျော်ရွှင်တဲ့ ခရစ်စမတ်အရသာကို သေချာ မခံစားရတော့ဘူး။ စိတ်အားငယ် လွမ်းဆွတ်ပြီးနေရတယ်။ ကိုယ့်ရဲ့ အိမ်ထဲမှာမဟုတ်ဘဲ စစ်ရှောင်စခန်းမှာ ဖြစ်နေတဲ့အတွက် လွမ်းဆွတ်ပြီး ချမ်းလည်းချမ်း ၊ စစ်ရှောင်ဖြစ်နေတော့ အနွေးထည် နွေးတဲ့ဟာတွေလည်း မဝတ်နိုင် အနေနဲ့တော့ စိတ်ထဲမှာ ခံစားရတာတော့ အရမ်းများတာပေါ့။ အရင်ကလို ကိုယ့်ရဲ့ ကျေးရွာဒေသကို မြန်မြန်ပြန်နိုင်ဖို့အတွက် ဆုတောင်း နေပါတယ်”
ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦး(နောင်ဟီး စစ်ရှောင်စခန်း၊ ဝိုင်းမော်မြို့နယ်)
“ကျွန်တော်တို့ အိမ်မှာရှိတဲ့အချိန်တော့ အိမ်သားတွေ စုံစုံလင်လင်နဲ့ ကိုယ့်အိမ်မှာဘဲ နေကြပြီး အသင်းသားတွေအားလုံးကလည်း အရမ်းကို ပျော်ရွှင်ကြတဲ့ အချိန်ဟုတ်တာပေါ့။ ဘယ်လိုအကြောင်းအရာမျိုးဖြစ်ဖြစ် ဘုရားကျောင်းမှာစုပြီး စိတ်ငြိမ်းချမ်းစွာနဲ့ ပူးပေါင်းလုပ်ဆောင်ကြတယ်။ အချိန်မှာတော့ မိုးကာတဲထဲမှာဘဲနေပြီး အိမ်သားတွေစုံပေမယ့်လည်း ခရစ်စမတ်ရောက်လို့ ပျော်နေပေမယ့်လည်း တစ်ခုခုလိုနေသလို ပျော်တော့ ပျော်နေပေမယ့်၊ ပြုံးတော့ ပြုံးနေပေမယ့် သေချာ မပြုံးနိုင်သလို သေချာမခံစားနိုင်ဘူးပေါ့။ ဒါကြောင့် ကိုယ့်နေရာဒေသ ဆိုလို့ရှိရင်တော့ ပြည့်ပြည့်စုံစုံ ဖြစ်ပြီး ကိုယ်နေရာဒေသ မဟုတ်တော့ ပျော်သလို သိပ်မခံစားရဘူးပေါ့။ ကျွန်တော်တို့ ခုလို အရမ်းဝေးတဲ့နေရာမှာ ရှောင်နေရတဲ့ တိရစ္ဆာန်တွေလည်း မမွေးနိုင်တော့ အိမ်မှာဆိုရင် ကြက်တွေဘာတွေရှိတော့ ကြက်တွေသတ်စားကြပြီး ခရစ္စမတ်အချိန် အဲလိုပျော်ကြတာပေါ့”



