မြစ်ကြီးနားမှာ သေနတ်ထောက်ပြီး ဓားပြတိုက်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေခင်းကြောင်တောင် သေနတ်ထောက်ပြီး ဓားပြတိုက်ခံရတယ်လို့ မိသားစုဝင်တစ်ဦး ဆီကနေ သိရပါတယ်။
ဖြစ်စဉ်မှာ မေလ ၂၄ ရက် နေ့လည် ၂ နာရီဝန်းကျင် ပလန (၅) ဘက် တနင်္ဂနွေဝတ်ပြုဆုတောင်းမှာပွဲတော်ပေးပြီး ပြန်လာကြတဲ့ လီဆူနှစ်ခြင်းအသင်းတော်တစ်ခုက သင်းအုပ်ဆရာဇနီးမောင်နှံ
နှစ်ဦးနဲ့ သင်းထောက်တစ်ဦးတို့ ပလန(၅) ရွှေစက်ရပ်ကွက်အဆက် ကွန်ဂရစ်လမ်းက တံတားနားမှာ ဓားပြတိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“နင်တို့ကို ဘာမလုပ်ဘူး မကြောက်နဲ့ မကြောက်နဲ့ ပြောတာတဲ့။ တံတားအောက်ထဲက ပိုက်လုံးအထဲမှာ ဝင်ခိုင်းပြီးတော့ ဒူးထောက် လက်ကို အနောက်မှာ ဆွဲကလစ်နဲ့ကြိုးချည်တာတဲ့။ ပြီးတော့ သူတို့ သုံးယောက်စလုံးရဲ့ မျက်စိမှာ သူတို့အင်္ကျီ အဝတ်နဲ့ ချည်ပြီးအိတ်တွေ အကုန်နှိုက်တာ”လို့ ဓါးပြတိုက်ခံရတဲ့ကံယကံရှင် မိသားစုဝင်တွေ KNG ကိုပြောပါတယ်
ဓားပြတိုက်တဲ့သူတွေက အသက် ၃၀ နဲ့ ၄၀ ကြား သတ်လတ်ပိုင်းအရွယ်သုံးဦးဖြစ်ပြီး တစ်ဦးကတော့ ပြောက်ကျားအင်္ကျီဝတ်ထားပြီးသေနတ်တစ်လက်ကိုကိုင်ထားကြောင်း သိရပါတယ်။
ဓါးပြတိုက်ခံရသူတွေဟာသင်းအုပ်ဆရာဖြစ်ကြောင်းသက်သေခံကတ်ပြားတွေပြပေမယ့်လည်း ဆရာတို့ သုံးဦးကို ဒူးထောက်၊လက်ကိုနောက်ပြန်ကြိုးတုတ် မျက်လုံးစည်းပေးကာ အသင်းတော်ချုပ်ကို အပ်ရမယ့် အလှူငွေအပြင် ဆယ်ဖို့တစ်ဖို့ ငွေတွေနဲ့ oppo ဖုန်းတစ်လုံး၊ နံပါတ်ပြား KNC 36w 14420 ပါရှိတဲ့ 125 ဆိုင်ကယ်တစ်စီး၊ Canda 2024 အနက်ရောင် တစ်စီးကို လုယူသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဓားပြသုံးဦး ထွက်သွားပြီးနောက်မှသာ ဆရာတို့ဇနီးမောင်နှံနဲ့သင်းထောက်တို့ကချည်ထားတဲ့ ကြိုးတွေကို သွားနဲ့ ကိုယ့်ဟာကို ကိုက်ဖြဲပြီး ပြန်လည်လွတ်မြောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့မှတော့ ပလန ရဲစခန်းမှာ အကျိုးအကြောင်းပြောပြပြီး တိုင်ကြားထားတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမှာ ပြီးခဲ့တဲ့ မေလ ပထမ နှစ်ပတ်အတွင်း အေးမြသာယာ၊ တပ်ကုန်း ၊ မြေမြင့်၊ ဂျန်မိုင်ကောင်း၊ ဒူကထောင်စတဲ့ နေရာတွေမှာလည်း ဓားကိုင်ဆောင်ထားတဲ့ လူ၃ဦးကနေပြီးတော့ ဆိုင်ကယ်လုယက်တဲ့ ဖြစ်စဉ်တွေ ဆယ်ကြိမ်ထက်မနည်း ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိချိန်ထိတော့ တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဒါ့ကြောင့် မြစ်ကြီးနားမြို့ မြိုခံတွေအနေနဲ့ သွားလာရေး မလုံခြုံမှုတွေ ခံစားနေရတဲ့အတွက် ခိုးဆိုးလုယက်သူတွေကို သေချာ ဖမ်းဆီးအရေးယူပေးဖို့ကိုလည်း တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
By – Hope




