အင်းတော်စစ်ကြောင်း ဝန်းသိုက စစ်ကူတွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်းဆက်ထိုး
စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အစပ် အင်းတော်မြို့နယ်မှာ တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဝန်းသိုမြို့နယ်ကနေ ပြန်လှည့်လာတဲ့ စစ်ကူတွေနဲ့ ပူးပေါင်းပြီးနောက် အင်းတော်မြို့နယ်အဆုံး ပိန္နဲကုန်းရွာအထိ ရောက်ရှိလာပြီလို့ ဒေသတွင်းမြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အင်းတော်မြို့နယ် မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းမကြီးတစ်လျှောက် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အင်အား ၂၀၀ ကျော်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ အထိနာခဲ့တာကြောင့် တပ်စိတ် ၂ စိတ်သာ ကျန်တော့တဲ့အထိ အင်အားလျော့နည်းသွားခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ဝန်းသိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကြောင်းကို စစ်ကူအဖြစ် ပြန်လှည့်ခေါ်ယူခဲ့ပြီး စစ်ကြောင်းနှစ်ခု ပူးပေါင်းကာ လက်ရှိမှာ စစ်ရေးဆက်လက်လှုပ်ရှားနေပါတယ်။
ဒါပေမဲ့ စစ်ကြောင်းဟာ ဘယ်နေရာကို ဦးတည်ထိုးစစ်ဆင်မယ်ဆိုတာ ခန့်မှန်းရခက်နေတယ်လို့ ဒေသတွင်းမြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “သူတို့ ဦးတည်တဲ့ ရည်ရွယ်ချက်ကလည်း တိတိကျကျ မသိရဘူးပေါ့နော်။ အခု သူတို့စစ်ကြောင်းထိုးလာတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ဒီလမ်းကြောကို ရချင်လို့ဆိုပြီး လမ်းကြောမှာ အထိုင်ချထားခဲ့တာလည်း မရှိဘူး။ အရင်က ဒီနေရာတွေကို စိုးမိုးထားတာကတော့ တော်လှန်ရေးအင်အားစုတွေပေါ့။ ကျောင်းကုန်းဆိုရင် ထီးချိုင့်၊ အင်းတော်၊ ကောလင်း သုံးမြို့နယ်ဆုံတဲ့နေရာ ဖြစ်နေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ကောလင်း၊ ထီးချိုင့်နဲ့ အင်းတော်မြို့နယ် သုံးခုဆုံတဲ့ နယ်မြေအထိ စစ်ကြောင်းရောက်ရှိလာပြီး စစ်အုပ်စုတပ်အင်အား ၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
အဲဒီဒေသတစ်ဝိုက်မှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းတွေ ရောက်ရှိလာတဲ့ရက်ပိုင်းအတွင်း ထီးချိုင့်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေသလို ဝေဟင်ကနေ ထောက်ပို့ရဟတ်ယာဉ်တွေနဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ချပေးတာကိုလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဒေသခံအမျိုးသားတစ်ဦးက “မနေ့တုန်းကဆိုရင် မနက်ပိုင်းမှာ Mi-35 နဲ့ တစ်ကြိမ်လာပစ်တယ်။ နေ့လယ်မှာ ဂျက်ဖိုက်တာနဲ့ တစ်ခေါက်လာတယ်။ Y-12 ကလည်း ပတ်တယ်။ ညနေမှာ Mi-35 နဲ့တစ်ကြိမ်ထပ်လာပစ်တယ်။ညရောက်တော့လည်း Y-12 နဲ့ ဗုံးတွေချသွားတယ်။ မနေ့က တစ်ရက်တည်းနဲ့ အဲဒီလိုတွေ လုပ်သွားတာ။ မြေပြင်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်” လို့ လက်ရှိအခြေအနေကို ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် စစ်ကြောင်းရောက်ရှိနေတဲ့ နေရာတစ်ဝိုက်က ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အင်းတော်နဲ့ ထီးချိုင့်မြို့နယ်ထဲက ဘုဓလက်၊ ညောင်ကုန်း၊ အိုက်မ၊ ကျောင်းကုန်း၊ စကားပင်၊ ပိန္နဲကုန်း၊ ကျောက်ဆင်၊ ကျောက်အိုက်နဲ့ ကွမ်းတုံကျေးရွာတွေ အပါအဝင် အဲဒီဒေသတစ်ဝိုက်က ပြည်သူတွေ နေရပ်စွန့်ခွာနေရတယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကတည်းက အင်အား ၅၀၀ ကျော်နဲ့ အင်းတော်မြို့နယ်ကနေ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ စစ်ကြောင်းနှစ်ကြောင်းခွဲကာ တစ်ကြောင်းကို ဝန်းသိုမြို့နယ်ဘက်၊ နောက်တစ်ကြောင်းကို အင်းတော်မြို့နယ်အဆုံးနဲ့ ထီးချိုင့်မြို့နယ်အစပ်ဘက် ဦးတည်စေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အင်းတော်မြို့နယ် ပြည်ထောင်စုလမ်းပိုင်းမှာ စစ်ကြောင်းထိုးခဲ့တဲ့တပ်တွေဟာ တိုက်ပွဲအတွင်း အထိနာခဲ့တာကြောင့် ဝန်းသိုဘက်က စစ်ကြောင်းကို စစ်ကူအဖြစ် ပြန်လှည့်ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကြောင်းနှစ်ခု ပူးပေါင်းပြီး အဲဒီဒေသတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်နေတဲ့ အခြေအနေဖြစ်ပါတယ်။
By – အမိုး




