ဟုမ္မလင်းကောလိပ် ပစ်ခတ်သူကို သေဒဏ်မပေးတော့ဘဲ ဥပဒေအရ အရေးယူမည်ဟုဆို
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်းဒီဂရီကောလိပ် ကျောင်းဝင်းအတွင်း ကျောင်းသားအချင်းချင်း သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်မှာ ကျူးလွန်သူကို သေဒဏ်ပေးဖို့ SNA ဘက်က စီစဉ်ခဲ့ပေမဲ့ ဒေသခံဘုန်းကြီးတစ်ပါးရဲ့ ကန့်ကွက်တောင်းဆိုမှုကြောင့် ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းက ဟုမ္မလင်းဒီဂရီကောလိပ် ကျောင်းဝင်းအတွင်း ကျောင်းသားနှစ်ဦး စကားများရာကနေ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ လက်ရှိမှာ ပစ်ခတ်မှုကျူးလွန်ခဲ့သူကို ဟုမ္မလင်းမြို့မရဲစခန်း အချုပ်ခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး တရားရုံးတင်ဖို့ ပြင်ဆင်နေကြောင်း ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။
“အဲဒီကိစ္စက ရှုပ်နေတုန်းပဲ။ SNA က အရေးယူချင်တာတစ်မျိုး၊ ကလေးရဲ့ မိဘတွေနဲ့ ဘုန်းကြီးတွေက အရေးယူချင်တာတစ်မျိုး ဖြစ်နေတယ်။ ဒါပေမဲ့ သူ့ကို ဥပဒေအတိုင်း ထောင်ချဖို့ပဲ လုပ်သွားမယ်တဲ့။ အခုလောလောဆယ် ဟုမ္မလင်းရဲစခန်း အချုပ်ခန်းမှာပဲ ဖမ်းထားတုန်း၊ တရားရုံးတော့ မတင်ရသေးဘူး”လို့ အသက် ၅၀ အရွယ် ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုကျူးလွန်ခဲ့သူဟာ SNA တပ်ဖွဲ့ဝင်အဖြစ် တစ်နှစ်ကျော် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဟုမ္မလင်းဒီဂရီကောလိပ်မှာ အဝေးသင်တတိယနှစ် တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ SNA ဘက်က ပစ်ခတ်မှုကျူးလွန်ခဲ့သူကို သေဒဏ်ပေးဖို့ စီစဉ်ခဲ့ပေမဲ့ ဟုမ္မလင်းမြို့ရှိ ဗုဒ္ဓဘာသာကျောင်းထိုင် ဘုန်းကြီးတစ်ပါးက ကန့်ကွက်ခဲ့တာကြောင့် အဲဒီအစီအစဉ်ကို ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။ ဘုန်းကြီးက ဘယ်လိုပြစ်မှုမျိုးဖြစ်ဖြစ် ဥပဒေအတိုင်းသာ အရေးယူဖို့ တောင်းဆိုခဲ့တာလို့ နစ်နာသူမိသားစုနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

“ကလေးက ကျောင်းထဲမှာ ပစ်ခတ်မှုကျူးလွန်တယ်၊ ပြီးတော့ သေနတ်လည်း ခိုးသွားတာဆိုတော့ SNA က ဒီကိစ္စကို လုံးဝလက်မခံဘူး။ သူ့ကို သေဒဏ်ပေးမယ်လို့ လုပ်ထားတာ။ ဒါပေမဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးက ဒီလိုမလုပ်ဖို့၊ ဘာပဲဖြစ်ဖြစ် ဥပဒေအတိုင်းပဲ သွားပါစေလို့ တောင်းဆိုခဲ့တာကြောင့် SNA ဘက်က လက်လျှော့လိုက်တာ”လို့ နောက်ထပ်မြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ ကျောင်းသားဟာ ဟုမ္မလင်းမြို့နယ်၊ စေတီဆိတ်ကျေးရွာကနေ ဟုမ္မလင်းဒီဂရီကောလိပ်မှာ အဝေးသင်ပထမနှစ် တက်ရောက်နေသူဖြစ်ပါတယ်။ ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းနဲ့ ခြေထောက်မှာ ကျည်ထိမှန်ခဲ့ပြီး လက်ရှိမှာ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပစ်ခံရတဲ့ကလေးက အခြေအနေမကောင်းဘူး။ ခေါင်းထိထားတော့ ပုံမှန်အတိုင်း မဟုတ်တော့ဘူး။ လူငါးယောက်၊ ခြောက်ယောက်လောက်က မနည်းထိန်းထားရတယ်။ ဟုမ္မလင်းဆေးရုံက မနိုင်လို့ မန္တလေးဆေးရုံကို ပို့ဖို့ စီစဉ်ခဲ့ပေမဲ့ လေယာဉ်ပေါ်မှာ အဆင်မပြေတာကြောင့် ဒီမှာပဲ ဆက်ကုသနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ချိန်မှာ ကောလိပ်တာဝန်ရှိသူတွေဟာ နယ်ဝေးခရီးသွားနေကြတဲ့အချိန် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ဟုမ္မလင်းမြို့ကို စစ်ကောင်စီတပ်နဲ့ SNA တပ်ဖွဲ့တို့က အပြည့်အဝ ထိန်းချုပ်ထားပြီး ဒီဖြစ်စဉ်အပေါ် စစ်တပ်နဲ့ SNA တို့မှာ တာဝန်ရှိတယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဟုမ္မလင်းဒီဂရီကောလိပ်ကို ရပ်နားထားခဲ့ပေမဲ့ ပညာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်မှာ အဝေးသင်တက်ရောက်ခွင့် ပြန်လည်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကောလိပ်တာဝန်ရှိသူတစ်ဦးကို KNG က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
မြန်မာနိုင်ငံရဲ့ ရာဇသတ်ကြီးအရ သေနတ်နဲ့ ပစ်ခတ်ပြီး လူတစ်ဦးကို ဒဏ်ရာရစေတဲ့ဖြစ်စဉ်မှာ ကျူးလွန်သူရဲ့ ရည်ရွယ်ချက်နဲ့ ဒဏ်ရာပြင်းထန်မှုအပေါ်မူတည်ပြီး ပုဒ်မအမျိုးမျိုးနဲ့ အရေးယူနိုင်ပါတယ်။
သတ်ဖို့ရည်ရွယ်ချက်နဲ့ ပစ်ခတ်ခဲ့ကြောင်း သက်သေပြနိုင်ရင် ရာဇသတ်ကြီး ပုဒ်မ ၃၀၇၊ လူသတ်ရန်ကြိုးပမ်းမှုနဲ့ အရေးယူနိုင်ပြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့ရင် ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ပါတယ်။
သတ်ဖို့ရည်ရွယ်ချက် မရှိဘဲ သေနတ်လို အန္တရာယ်ရှိတဲ့လက်နက်နဲ့ ဒဏ်ရာရစေခဲ့တာဆိုရင် ဒဏ်ရာအမျိုးအစားပေါ်မူတည်ပြီး ပုဒ်မ ၃၂၄ ဒါမှမဟုတ် ပုဒ်မ ၃၂၆ နဲ့ အရေးယူနိုင်တယ်လို ဖော်ပြထားပါတယ်။
By – Zaw Zaw




