ခေါင်လန်ဖူးမှာ တရုတ်လုပ်ငန်းရှင်တွေ သတ္တုတူးဖော်ဖို့ ပြင်ဆင်နေ

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ထဲမှာ မြန်မာ–တရုတ်နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းမှာ တရုတ်လုပ်ငန်းရှင်တွေ သတ္တုတူးဖော်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့လက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့၊ တရုတ်လုပ်ငန်းရှင်တွေပူးပေါင်းပြီး ရှိန်းခေါင်ကျေးရွာအနောက်ဘက်ခြမ်း နယ်စပ်တစ်လျှောက်မှာ သတ္တုတူးဖော်ဖို့ ပြင်ဆင်နေတာလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးပြည်သူ့စစ်တွေ စိုးမိုးထားတဲ့ တောင်ပေါ်ဒေသက ရွာတွေမှာ တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး သတ္တုတူးဖို့ ဆောင်ရွက်နေတာ ကြာပါပြီ။ အဲဒီမှာ တာဝန်ကျတဲ့ ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်ရင်းမှူးတွေက တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်နေကြတာပါ” လို့ ပြောပါတယ်။
ဒီနယ်စပ်တစ်လျှောက် သတ္တုတူးဖော်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတည်းက မြန်မာ–တရုတ်နယ်စပ် ရှိန်းခေါင်လမ်းကနေဝင်လာတဲ့ တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူတာအို ခလရ ၄၆ ဗျူဟာလက်အောက်ခံ ခမရ ၁၃၇၊ ခလရ ၄၆ တပ်ရင်းတွေနဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိ သတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့နေရာတွေကတော့ ရှိန်းခေါင်ကျေးရွာအနောက်ဘက် မြန်မာ–တရုတ်နယ်စပ် နယ်စပ်မှတ်တိုင်အမှတ် ၃၁၊ ၃၂ အနီးတဝိုက်မှာရှိတဲ့ ရှိန်းခေါင်၊ နန်ဆိန်၊ ဇင်းထန်၊ ညီဝါး စတဲ့ရွာတွေနဲ့ အနီးဝန်းကျင်ဒေသတွေ ဖြစ်တယ်လို့ ရွာခံတွေပြောပါတယ်။
“ဒေသခံတွေကတော့ မလိုလားကြပါဘူး သူတို့က တစ်နှစ်ကို ပိုက်ဆံဘယ်လောက်ပေးမယ်ဆိုပြီး စည်းရုံးနေတယ် လက်မခံချင်လည်း လက်ခံရတဲ့ အခြေအနေမျိုးပါ။ သူတို့စိုးမိုးထားတဲ့နေရာဆိုတော့ ဘယ်သူမှ မကန့်ကွက်ရဲကြဘူး” လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ တရုတ်လုပ်ငန်းရှင်တွေနဲ့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့တွေက ဒေသခံတွေရဲ့ မြေနေရာတွေမှာ သတ္တုတူးဖော်ဖို့အတွက် ငွေကြေးနဲ့ စည်းရုံးနေပြီး မြေနေရာရှင်းလင်းတာတွေစတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။
သတ္တုတူးဖော်မယ့်နေရာတွေထဲမှာ ဒေသခံတွေရဲ့ ဘိုးဘွားပိုင်မြေယာတွေနဲ့ အဓိကစီးပွားရေးဖြစ်တဲ့ ရှာကော၊ ပါးကော စိုက်ခင်းမြေတွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။
“ဒေသခံတွေကတော့ ကန့်ကွက်ကြပါတယ်။ ဒါပေမယ့် အဲဒီဒေသက တောင်ပေါ်ဒေသဖြစ်ပြီး ရွာတွေကလည်း ဟိုတစ်နေရာ ဒီတစ်နေရာနဲ့ ကွဲပြီး နေကြတာပါ။ ဌာနေပြည်သူ့စစ်တွေရဲ့ စည်းရုံးမှုအောက်မှာ အသာတကြည် လက်ခံရင် လက်ခံ၊ မလက်ခံရင် သူတို့အတွက် မကောင်းဘူးဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေ ကြုံနေရပါတယ်” လို့ အထက်ဖော်ပြပါဒေသခံအမျိုးသားက ဆက်ပြောပါတယ်။
ရှိန်းခေါင်နောက်ဘက်ခြမ်းက ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံအများစုဟာ တရုတ်နိုင်ငံဘက်ကိုရောင်းချတဲ့ ဟင်းခတ်အမွှေးအကြိုင်ဖြစ်တဲ့ ေရှာကော၊ ပါးကောတွေ စိုက်ပျိုးတာနဲ့ ရေခဲတောင်ဒေသထွက် ဆေးမြစ်၊ သစ်ဥသစ်ဖုတွေ ရှာဖွေရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် သတ္တုတူးဖော်မှုတွေ စတင်လာရင် ရှာကော၊ ပါးကော စိုက်ခင်းတွေ ပျက်စီးလာနိုင်တာ၊ စိုက်ပျိုးမြေတွေ လျော့နည်းလာနိုင်တာနဲ့ တောထွက်ပစ္စည်း ရှာဖွေရတာ ခက်ခဲလာနိုင်တာတွေကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
လက်ရှိ သတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့ ရှိန်းခေါင်ဒေသဟာ ပူတာအိုမြို့နဲ့ မိုင် ၁၀၀ ကျော်ဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသဖြစ်တာကြောင့် ဒေသခံတွေဟာ အခြေခံစားသောက်ကုန်၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေအတွက် တရုတ်နိုင်ငံဘက်ခြမ်းကို အဓိက အားထားနေရတဲ့ဒေသ ဖြစ်ပါတယ်။
By – Zaw Zaw




