ရွှေတူးဖော်မှုကြောင့် စိုက်ပျိုးပြီး စပါးတွေရေနစ်မြုပ်ပျက်စီး
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝမှာ ရွှေအလွန်အကျွံတူးဖော်နေတာကြောင့် တာပိန်မြစ်ကမ်းတစ်လျှောက်ရှိ ဒေသခံတွေရဲ့ စပါးခင်းတွေရေနစ်မြုပ်ပျက်စီးသွားပြီလို့ သိရပါတယ်။
မိုးမောက်မြို့ကနေ ၁၄ မိုင်လောက်အကွာ တာပိန်မြစ်ဝ၊ ရွှေမြောင်းနဲ့ မြို့သစ်ကျေးရွာကြားမှာ တရုတ်လုပ်ငန်းရှင်တွေက စက်ယန္တရားကြီးတွေအသုံးပြုပြီး ရွှေတူးဖော်နေတာကြောင့် ရွှေတူးတဲ့နေရာရဲ့ အောက်ဘက်မှာရှိတဲ့ လယ်ယာမြေတွေ ရေနစ်မြုပ်ပြီး ပျက်စီးသွားတာလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“ဒီသက်ဒီအရွယ်အထိ တစ်ခါမှ ဒီလို လယ်တွေရေနစ်တာ မကြုံဖူးဘူး ခု ရွှေတူးလာမှ ဖြစ်တာ။ ရွှေကို မြစ်လယ်မှာတူးတော့ သဲတွေတက်လာပြီး ရေစီးကြောင်း ပိတ်သွားတယ်။ ရေက သွားစရာမရှိတော့ဘဲ ကုန်းပေါ်တက်လာတာ။ အခုဆို လယ်ကွက်တွေက မြစ်ကြီးလို ဖြစ်သွားပြီ။ စပါးတွေလည်း အကုန်ရေနစ်သွားလို့ ဘာမှမရတော့ဘူး”လို့ သူက ပြောပါတယ်။
တာပိန်မြစ်ဝပေါ် ရွှေတူးမှုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစတင်တူးဖော်လာတာဖြစ်ပြီး ခုဆိုရင် ၂ နှစ်ကျော်ရှိလာပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ရွှေတူးဖော်မှုကြောင့် တာပိန်မြစ်ဝအနီးက စီကော်၊ မန်နောင်၊ ခုန်ဆင့်နဲ့ ဟင်္သာကျေးရွာအပါအဝင် ရွာပေါင်း ၄ ရွာက ပြည်သူတွေရဲ့စိုက်ပျိုးထားတဲ့စပါး လယ်ဧက ၁,၀၀၀ ကျော် ထိခိုက်ပျက်စီးသွားတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“လယ်တွေပျက်စီးတာ ရက် ၂၀ ကျော်ပဲ ရှိသေးတယ် တချို့က ပျိုးပင်အဆင့်မှာပဲ ပျက်သွားတယ် တချို့ကတော့ စိုက်ပြီးသား စပါးတွေအထိ ပါသွားတယ်။ ရွှေတူးတာက တကယ်လွန်တယ်။ သဲတွေက တောင်လိုပုံလာတော့ ရေက မြစ်ကြောင်းအတိုင်း မစီးတော့ဘူး။ လယ်ကွက်တွေကြားကို မြစ်လို စီးလာပြီး ရေလမ်းကြောင်း ပြောင်းသွားတာ“လို့ သူက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ရွှေတူးဖော်မှုကြောင့် တာပိန်မြစ်ရဲ့ ရေစီးကြောင်း ပြောင်းသွားပြီး မြစ်ကမ်းဘေး လယ်ယာမြေတွေဘက်ကို ရေဝင်လာတာကြောင့် အခုလို လယ်တွေ ရေနစ်ပျက်စီးခဲ့ရတာလို့ ဆိုပါတယ်။
“လာမယ့်နှစ်ဆို တောင်သူတွေ စပါးရှားသွားမယ်။ ဟင်္သာနဲ့ မန်နောင်ဘက်မှာတော့ လယ်တစ်ကွက်မှ မပေါ်တော့ဘူး အကုန် သဲတွေနဲ့ နှုန်းမြေတွေ ဖုံးသွားပြီ“လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးလည်း ပြောပါတယ်။
တာပိန်မြစ်ပေါ် ရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင်တွေဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ရေမုတ်စက် သုံးစင်းနဲ့ စတင်ရွှေတူးဖော်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကစလို့ မြေတူးစက်၊ မြေကော်စက်နဲ့ မြေသယ်ကား အများအပြား အသုံးပြုပြီး အကြီးစားတူးဖော်မှုတွေ ဆက်လုပ်လာတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ တာပိန်မြစ်ဝက ရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင် ၅ ဦးက စက်ယန္တရားအကြီးစားတွေနဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမောက်မြို့နယ်ဟာ လက်ရှိ KIA ထိန်းချုပ်နယ်မြေအတွင်းမှာ ရှိတဲ့အတွက် ဒီရွှေတူးဖော်မှုကို ရပ်တန့်ပေးဖို့ စီကော်၊ မန်နောင်၊ ခုန်ဆင့်နဲ့ ဟင်္သာကျေးရွာတွေအပါအဝင် အနီးဝန်းကျင်က ကျေးရွာပေါင်း ၁၇ ရွာမှ ပြည်သူတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက KIA/KIO ထံ သုံးကြိမ်ထက်မနည်း ကန့်ကွက်စာ တင်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒေသခံတွေရဲ့ ကန့်ကွက်တောင်းဆိုမှုကို ဒီနေ့အချိန်အထိ ထိရောက်တဲ့ အရေးယူဆောင်ရွက်တာမျိုး မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တာပိန်မြစ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မြစ်ဖျားခံစီးဆင်းလာပြီး မြန်မာနိုင်ငံအတွင်း ဧရာဝတီမြစ်ထဲကို စီးဝင်တဲ့ အဓိကမြစ်တစ်စင်း ဖြစ်ပါတယ်။
By – Zaw Zaw




