သားဖြစ်သူ ဓားဖြင့်ခုတ်သတ်မှုကြောင့် မိဘနှစ်ပါး သေဆုံး

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ သားဖြစ်သူက မိဘနှစ်ပါးကို ဓားနဲ့ခုတ်သတ်ခဲ့တာကြောင့် နှစ်ဦးစလုံး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေထံက သိရပါတယ်။

ဖြစ်စဉ်ဟာ ဇူလိုင် ၃၀ ရက်က မိုးကောင်းမြို့ ဖိုးချစ်ကုန်းရပ်ကွက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အသက် ၄၀ ကျော်အရွယ် သားဖြစ်သူက အသက် ၈၀ ကျော် ဖခင်နဲ့ အသက် ၇၃ နှစ်အရွယ် မိခင်ကို ဓားနဲ့ခုတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်နေရာမှာ ဖခင်ဖြစ်သူရဲ့ လည်ပင်း၊ ကိုယ်ခန္ဓာနဲ့ ခြေထောက်တွေမှာ ပြင်းထန်တဲ့ ဓားဒဏ်ရာတွေ တွေ့ရှိရပြီး မိခင်ဖြစ်သူမှာလည်း လည်ပင်းမှာ ဓားဒဏ်ရာ ရှိနေတာကို တွေ့ရတယ်လို့ သိရပါတယ်။

“သူက သုံးရက်လောက်ရှိပြီ ဓားသွေးနေတာတဲ့။ ပြီးတော့ ကြောင်ပြီး သူ့အဖေအမေကို ခုတ်ပြီး ဝက်ပေါ်လိုက်ပြီလို့ ပြောတာတဲ့လို့ ရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။

ဓားနဲ့ခုတ်ခဲ့တဲ့ အမျိုးသားကိုတော့ ဖြစ်စဉ်ဖြစ်တဲ့နေ့မှာပဲ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး သေဆုံးသွားတဲ့ မိဘနှစ်ပါးကိုတော့ ဇူလိုင် ၃၁ ရက်မှာ ပေါက်ခေါင်ကွင်းသုသာန်မှာ သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ရပ်ကွက်နေပြည်သူတွေရဲ့ ပြောဆိုချက်အရ သားဖြစ်သူဟာ ဉာဏ်ရည်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေသူဖြစ်တယ်လို့သိရပြီး သေဆုံးသွားတဲ့ မိဘနှစ်ပါးနဲ့အတူ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

မိဘနှစ်ပါးကို ဓားနဲ့ခုတ်သတ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ မသိရသေးဘဲ သက်ဆိုင်ရာက ဆက်လက်စုံစမ်းနေပါတယ်။

မိုးကောင်းမြို့မှာ ဇူလိုင် ၁၅ ရက် မနက်ပိုင်းကလည်း အသက် ၁၂ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးက အဖွားဖြစ်သူကို ဓားနဲ့ခုတ်ခဲ့တာကြောင့် သေဆုံးလုနီးပါး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ နောက်ဆုံးပတ်ကလည်း အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကို လည်ပင်းလှီးပြီး အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု မိုးကောင်းမြို့မှာ ရှိခဲ့တယ်လို့ သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button