ရေဘေးကြောင့် အိမ်ထောင်စု ၇ စု အိမ်ခြေမဲ့၊ KIO ကူညီပေးဖို့စီစဉ်နေ

ဖားကန့်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် မမုံနဲ့ ဖားပြင်ကျေးရွာတွေမှာ အိမ်ခြေပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး အိမ်ထောင်စု ၇ စု အိမ်ခြေမဲ့သွားခဲ့ရတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၄ ရက်ကစပြီး ဖားကန့်မြို့နယ်တစ်ခုလုံး ရေဘေးထပ်မံကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်အတွင်း မမုံစံပြကျေးရွာမှာ လူနေအိမ် ၇ လုံး နေထိုင်လို့မရအောင် ထိခိုက်ပျက်စီးသွားတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

၄ ရက်နေ့ ရေကြီးမှုထဲမှာ ချောင်းရေနဲ့ မြေစာတွေ ပေါက်ကျပြီး ချောင်းလမ်းကြောင်းအတိုင်း မသွားဘဲ ရွာဘက်ကို လမ်းကြောင်းပြောင်းပြီး ပေါက်ထွက်လာတာပါ။ အဲဒီအခြေအနေမှာ အိမ်ခြေ ၂၀ လောက် ရေဝင်သွားတယ်။ ရေနဲ့အတူ မြေစာ၊ ကျောက်ခဲတွေ ရိုက်ပြီးတော့ ၇ အိမ်လောက်က လုံးဝပျက်စီးသွားတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ဥရုချောင်းရေနဲ့ မမုံကျေးရွာအထက်ဘက်မှာရှိတဲ့ ဆပ်ပြာချောင်း စတဲ့ ရေလမ်းကြောင်းနှစ်ခု ပေါင်းဆုံပြီး ရေစီးကြောင်းဟာ မမုံကျေးရွာထဲကို ဖြတ်သန်းကာ တိုက်စားခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲမှာ မမုံကျေးရွာအထက်ဘက်မှာ ရွှေမျောလုပ်ငန်းက ထွက်ရှိတဲ့ မြေစာပုံတွေ ရေနဲ့အတူ မျောပါလာပြီး လျှံထွက်ခဲ့တာကြောင့် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မမုံကျေးရွာမှာ နေအိမ် ၂၀ ကျော် ရေဝင်ရောက်ခဲ့ပြီး ရေလမ်းကြောင်းဝင်ရောက်ခဲ့တဲ့ နေရာပေါ်က နေအိမ် ၇ လုံးဟာ နေထိုင်လို့မရအောင် ထိခိုက်ပျက်စီးသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ပျက်စီးသွားတဲ့ နေအိမ် ၇ လုံးအတွက် KIO မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်ကူညီပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အလားတူ ရေဘေးဒဏ်ဆက်လက်ကြုံတွေ့နေရတဲ့ ဖားပြင်ကျေးရွာမှာလည်း လူနေအိမ် ၆ လုံး ရေအိုင်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဖားပြင်ရွာကတော့ အန္တရာယ်ရှိနေတဲ့ အခြေအနေပါ။ အိမ်ခြေ ၆ အိမ်က ရေတွေဝင်ပြီး စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေတယ်။ ရွာအထက်က စိမ့်ထွက်ပေါက်တွေကနေ ရေစိမ့်ဝင်နေတာပါ။ အိမ်သာလည်း တက်လို့မရ၊ သွားလာလို့လည်း မရဘဲ ဒုက္ခရောက်နေကြတယ်။ အဲဒီစိမ့်ထွက်ရေတွေက ရွာလယ်ထဲကို ဖြတ်ပြီး စီးနေတယ် လို့ ပြောပါတယ်။

ဖားပြင်ကျေးရွာမှာ ရေကန်ကနေ စိမ့်ထွက်လာတဲ့ ရေတွေကြောင့် လူနေအိမ် ၆ လုံး ရေနစ်မြှုပ်နေတဲ့အပြင် ရေလမ်းကြောင်းဟာ ရွာလယ်လမ်းအတိုင်း စီးဆင်းနေတဲ့အတွက် မိုးဆက်ရွာလာပါက လမ်းတွေ ပြိုကျပျက်စီးလာနိုင်တာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဩဂုတ်လ ၄ ရက် ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှုအများဆုံး ကြုံတွေ့ခဲ့ရတဲ့ မမုံနဲ့ ဖားပြင်ကျေးရွာတွေမှာ လမ်းပိုင်းပျက်စီးနေတဲ့နေရာတွေ၊ ကျေးရွာအတွင်း ရေဝင်ရောက်နေတဲ့နေရာတွေကို KIO အုပ်ချုပ်ရေးအဖွဲ့က ကုမ္ပဏီတွေကို ခေါ်ယူပြီး ရေလမ်းကြောင်းလွှဲပြောင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ဇွန်လကနေ ယခုဩဂုတ်လဆန်းပိုင်းအထိ ဥရုချောင်းရေကြီးရေလျှံမှု အကြိမ် ၆ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီလို့ သိရပါတယ်။

ဖားကန့်ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က ၅ ကြိမ်မြောက် အဆိုးရွားဆုံး ရေဘေးကြုံတွေ့ခဲ့ရပြီးနောက် ရေကျသွားတာ တစ်ပတ်ကျော်အတွင်းမှာပဲ ထပ်မံရေကြီးမှုကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button