VIP လိုင်းတွေကို မီးအပြည့်ပေးပြီး ပုံမှန်လိုင်းတွေကို ဖြတ်တောက်ထား
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ EPC က လစဉ်ကြေးပိုပေးရတဲ့ VIP လျှပ်စစ်လိုင်းအသုံးပြုသူတွေကို အချိန်ပြည့်မီးပေးနေပြီး ပုံမှန်လျှပ်စစ်လိုင်းအသုံးပြုသူတွေကိုတော့ မီးဖြတ်တောက်ထားသလိုဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပူတာအိုမြို့နယ်လျှပ်စစ်ရုံး (EPC) က ၂၀၂၆ ခုနှစ် ဇွန်လဆန်းပိုင်းကစပြီး တစ်လ ကျပ်တစ်သိန်းခန့် ပေးဆောင်ရတဲ့ VIP လိုင်းအသစ်ကို သီးသန့်ဖြန့်ဖြူးပေးခဲ့ပြီး အဲဒီလိုင်းအသုံးပြုတဲ့ နေအိမ်တွေမှာသာ လျှပ်စစ်မီးပုံမှန်ရရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“VIP လိုင်းတွေက အခုဆို နှစ်လိုင်းဖြစ်သွားပြီ။ အရင်က VIP လိုင်းနဲ့ ပုံမှန်လိုင်းဆို မီးလာတာမမှန်ဘူး။ အခုတော့ VIP လိုင်းယူထားတဲ့အိမ်တွေပဲ မီးရနေတယ်။ ပုံမှန်လိုင်းကတော့ နေ့ဘက်ဆို လုံးဝမလာတာ တစ်လကျော်ပြီ” လို့ အသက် ၄၀ ကျော်အရွယ် ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။
ပူတာအို EPC ဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်ကစပြီး ပုံမှန်လျှပ်စစ်လိုင်းတွေအပြင် VIP လိုင်းဆိုပြီး သီးသန့်မီးကြိုးတွေ ထပ်မံတပ်ဆင်ခဲ့ကာ အဲဒီလိုင်းအသုံးပြုသူတွေထံက တစ်လ ကျပ် ၆၀,၀၀၀ လစဉ်ကြေး ကောက်ယူပြီး အချိန်ပြည့်မီးပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
၂၀၂၆ ခုနှစ်မှာတော့ EPC က VIP လိုင်းအသစ်ထပ်တိုးခဲ့ပြီး လျှပ်စစ်မီးတပ်ဆင်ခ ကျပ် ၅၀,၀၀၀၊ မီးကြိုးဖိုးအပြင် လစဉ်ကြေး ကျပ် ၁၀၀,၀၀၀ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အဲဒီလိုင်းအသုံးပြုသူတွေကိုသာ အချိန်ပြည့်မီးပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပိုက်ဆံပေးနိုင်တဲ့အိမ်တွေပဲ မီးလင်းနိုင်တဲ့ ပူတာအိုလို ဖြစ်နေတယ်။ အရင် VIP လိုင်းက တစ်လ ခြောက်သောင်းပေးထားတာတောင် အခုမီးမလာတော့ဘူး။ စုံစမ်းကြည့်တော့ တစ်လတစ်သိန်းပေးရတဲ့ VIP လိုင်းအသစ်မှာပဲ မီးလာတော့တယ်” လို့ ပူတာအိုမြို့မရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒေသခံတွေအဆိုအရ ပုံမှန်လျှပ်စစ်လိုင်းတွေမှာ နေ့ခင်းဘက်မီးမလာတာ တစ်လကျော်ကြာနေပြီး ညဘက်မှာလည်း VIP လိုင်းအသုံးပြုသူတွေ မီးမသုံးတော့တဲ့ ည ၁၁ နာရီနောက်ပိုင်းမှသာ မီးရရှိတတ်တယ်လို့ ဆိုပါတယ်။
“ကျွန်မတို့လို ပုံမှန်လိုင်းသုံးတဲ့သူတွေက နေ့လည်ဆို လုံးဝမီးမလာဘူး။ ညဆိုလည်း ၁၁ နာရီ၊ တခါတလေ ၁၂ နာရီလောက်မှ မီးလာတယ်။ VIP လိုင်းတွေ မသုံးတော့တဲ့အချိန်မှ ရိုးရိုးလိုင်းတွေကို ပေးတာလို ဖြစ်နေပြီ”လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုလို လျှပ်စစ်မီးဖြန့်ဖြူးပေးမှုအပေါ် မညီမျှမှုတွေရှိနေတယ်ဆိုပြီး ဒေသခံတွေက ကချင်ပြည်နယ် ဝန်ကြီးချုပ် ခရီးစဉ်တွေမှာ တိုင်ကြားခဲ့ပေမယ့် လက်ရှိအချိန်အထိ ထူးခြားတဲ့ ဖြေရှင်းမှု မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး KNG က ပူတာအိုမြို့နယ် EPC ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဆက်သွယ်မရခဲ့ပါ။
ပူတာအိုမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ၁၀ ခုကျော်နဲ့ ကျေးရွာတွေမှာ လျှပ်စစ်မီးအသုံးပြုနေပြီး VIP လိုင်းတွေကိုတော့ လုံးစွတ်၊ ကောင်ကထောင်၊ လေယာဉ်ကွင်း၊ မြို့မ၊ ဟူခို စတဲ့ မြို့ပေါ်ရပ်ကွက်အချို့မှာသာ တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။
ပူတာအိုမြို့နယ်ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံကို ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး လက်ရှိမှာတော့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ ၅၄ ရွာက အိမ်ထောင်စု ၆,၄၀၀ ကျော် အသုံးပြုနေတယ်လို့ သိရပါတယ်။
By – Zaw Zaw




