US မှာ ဖမ်းခံရတဲ့ ကချင်ကျောင်းသားနှစ်ဦး ပြန်လည်လွတ်မြောက်လာ

အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဥပဒေ စိုးမိုးရေးအဖွဲ့ (ICE) က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကချင်ကျောင်းသားနှစ်ဦး ပြန်လည်လွတ်မြောက်လာပြီလို့ အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းထံက သိရပါတယ်။

ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားနဲ့ ကျောင်းသူတို့ကို အမေရိကန်ရောက် အရပ်ဘက်အဖွဲ့အစည်းတွေက ရှေ့နေတွေနဲ့ ချိတ်ဆက်ကူညီပေးခဲ့တာကြောင့် ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ နီးစပ်သူအမျိုးသားတစ်ဦး ပြောပါတယ်။

ရှေ့နေတွေနဲ့ အားလုံးက ဝိုင်းကူညီပေးကြလို့ လွတ်လာတာပါ။ ဒါပေမယ့် လေယာဉ်စီးတဲ့အချိန်မှာတော့ သတိထားရဦးမယ်လို့ ပြောပါတယ်။

တက္ကဆက်ပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားလူငယ်က ပြီးခဲ့တဲ့အပတ်က ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဖလော်ရီဒါပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကတော့ ဩဂုတ် ၆ ရက် မနက် ၂ နာရီခန့်မှာ လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ကျောင်းသားနှစ်ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တစ်ဦးကို တက္ကဆက်ပြည်နယ်ရှိ Dallas Fort Worth အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်းကောင်း၊ ကျောင်းသူကို ဖလော်ရီဒါပြည်နယ် မိုင်ယာမီလေဆိပ်မှာလည်းကောင်း ICE အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားသူတွေအနေနဲ့ လွတ်လပ်စွာ သွားလာနေထိုင်ဖို့ အခက်အခဲရှိလာပြီး အထောက်အထားမပြည့်စုံဘဲ နယ်စပ်ကနေ ဝင်ရောက်လာသူတွေအနေနဲ့ ပိုမိုစိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းက ပြောပါတယ်။

ဒါဟာ ထရမ့်အစိုးရလက်ထက် ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေ တင်းကျပ်လာမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

အရင်က နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေဟာ အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန (USCIS) မှာ လျှောက်ထားပြီး အင်တာဗျူးဖြေဆိုကာ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရတာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၈ ရက်မှာ USCIS က ထုတ်ပြန်တဲ့ စည်းမျဉ်းသစ်အရ လျှောက်ထားသူအချို့ကို အင်တာဗျူးမပြီးဆုံးခင် လူဝင်မှုကြီးကြပ်ရေးတရားရုံးဆီ တိုက်ရိုက်လွှဲပို့တဲ့ လုပ်ငန်းစဉ်တွေ စတင်လာပါတယ်။

အဲဒီအတွက် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေအနေနဲ့ တရားရုံးလုပ်ငန်းစဉ်ထဲ ဝင်ရောက်ရနိုင်တာကြောင့် အချိန်ပိုကြာမြင့်နိုင်သလို ဥပဒေရေးရာအကူအညီ လိုအပ်လာနိုင်တဲ့ အခြေအနေတွေ ကြုံတွေ့လာနိုင်တယ်လို့ သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button