တစ်ပတ်အတွင်း လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှု ၃၃၀ ကျော်ရှိ
ကချင်ပြည်နယ််််မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှု ၃၃၀ ကျော်ရှိခဲ့တယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနက ဩဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
KIO/KIA ရဲ့ ထုတ်ပြန်ချက်အရ ဩဂုတ် ၁၇ ရက်ကနေ ၂၃ ရက်အထိ ဂျက်လေယာဉ်နဲ့ တိုက်ခိုက်မှု ၈၀ ကျော်၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှု ၁၅၀ ကျော်နဲ့ လက်နက်ကြီးပစ်ခတ်မှု ၁၀၀ ကျော် ရှိခဲ့ပြီး ဗန်းမော်၊ ရွှေကူ၊ ဖားကန့်နဲ့ KIA တပ်မဟာနယ်မြေတချို့မှာ တိုက်ပွဲ ၂၃ ကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“လေယာဉ်လာတဲ့အချိန်ဆို ဘယ်နေရာကို ထိမလဲဆိုတာ မသိရဘူး။ နေ့တိုင်း သတိထားပြီးနေရတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဝေးတဲ့ရွာတွေတောင် လက်နက်ကြီးအသံတွေ ကြားနေရတာရှိတယ်” လို့ ရွှေကူဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဗန်းမော်စစ်မျက်နှာမှာ တိုက်ပွဲ ၁၀ ကြိမ်အထိ ဖြစ်ခဲ့ပြီး အမှတ် (၁၁) တပ်မဟာနယ်မြေမှာ ၈ ကြိမ်၊ အမှတ် (၈) တပ်မဟာနယ်မြေမှာ ၄ ကြိမ်နဲ့ အမှတ် (၇) တပ်မဟာနယ်မြေမှာ ၁ ကြိမ် ဖြစ်ခဲ့တယ်လို့ KIO/KIA က ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲတွေဟာ စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားလာရာကနေ ဖြစ်တယ်လို့လည်း KIO/KIA ဘက်က ပြောထားပါတယ်။

လက်ရှိမှာလည်း ကချင်ပြည်နယ်အတွင်း နှစ်ဖက်တပ်တွေ မြေပြင်စစ်ကြောင်းထိုးမှုတွေနဲ့အတူ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဓိကတော့ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်၊ ဝိုင်းမော်နဲ့ ခေါင်လန်ဖူးဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲနဲ့ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပါတယ်။
ဒါ့အပြင် ခေါင်လန်ဖူးဘက်မှာ တိုက်ပွဲတွေ သုံးလခန့်ကြာမြင့်လာတာကြောင့် ဒေသခံတချို့ ပူတာအိုဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။
“ခေါင်လန်ဖူးဘက်မှာ တိုက်ပွဲဖြစ်နေတာ သုံးလလောက်ရှိပြီ။ အခု ပူတာအိုကို ရောက်လာတာကလည်း သူတို့ဘက်မှာ နေလို့အဆင်မပြေတော့လို့ လာကြတာပဲ။ စစ်ရှောင်က ပိုများလာနေတယ်” လို့ ပြောပါတယ်။
စစ်ရေးတင်းမာမှုတွေ ဆက်မြင့်တက်နေတဲ့အတွက် ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်အရေအတွက် ၂၄၉,၈၀၀ ဦးခန့် ရှိလာတယ်လို့ သိရပါတယ်။
တစ်ပတ်အတွင်း လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှု ၃၃၀ ကျော်ရှိခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသတွေအပြင် အနီးဝန်းကျင်ကျေးရွာတွေမှာပါ အရပ်သားတွေရဲ့ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပြီး နေရပ်စွန့်ခွာတိမ်းရှောင်ရမှုတွေ ဆက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။




