ဒေါ့ဖုန်းယန်မြို့တွင် ရောက်ရှိနေသော စစ်ကောင်စီ အင်အား ၂၀၀ ဝန်းကျင်ခန့်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် လုံခြုံရေးနယ်မြေ တပ်ရင်း ၁၉ ဘက်သို့ ဦးတည်ကာ ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
KIO ဌာနချုပ်လိုင်ဇာမြို့ကို ထိုးစစ်ဆင်ရန်အတွက် အင်အားဖြည့်နေခြင်း ဖြစ်နိုင်ကြောင်း ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ သည်။
“ဒီမနက်အစောကြီးကတည်းက ဟုတ်တယ်။ စစ်ရိက္ခာတွေနဲ့ ခြေကျင်ထွက်သွားကြတယ်။ အင်အားက ၂၀၀ လောက်ရှိတယ်။ KIA တပ်ရင်း ၁၉ ဘက်ကိုသွားတာက သေချာတယ်။ ပြီးရင် တိုက်ပွဲတွေပြန်ဖြစ်ဖို့ စစ်အင်အားတိုးချဲ့လာနိုင်လာတာလည်း ဖြစ်နိုင်တယ်။ သေချာတော့ မသိရသေးဘူး” ဟု ပြောဆိုသည်။
လိုင်ဇာမြို့အနီးသို့ ဦးတည်ကာ ထွက်ခွာသွားသည့် အာဏာသိမ်းစစ်တပ်အဖွဲ့မှာ ဒေါ့ဖုန်းယန်မြို့တွင် ရောက်ရှိနေသော တပ်မ ၇၇ နှင့် တပ်မ ၈၈ ပူးပေါင်းတပ်တို့ဖြစ်ကြောင်း သိရသည်။
အလားတူ KIO ဌာနချုပ်နယ်မြေ လိုင်ဇာမြို့နှင့် အနီးဆုံး တပ်ရင်း ၁၉ သို့ စစ်ကောင်စီမှ အင်အားဖြည့်တင်းမှုများ ပုံမှန်ဖြည့်တင်းနေကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
“ပြီးခဲ့အပတ်ကလည်း စစ်ကြောင်းတစ်ခုတက်သွားတယ်။ လမ်းမကြီးအတိုင်း တက်လာတာမဟုတ်ဘဲ တောကိုဝင်သွားတယ်။” ဟု ပြောသည်။
လက်ရှိ KIO ဌာနချုပ် လိုင်ဇာအနီး တောင်ကုန်းများတွင် စစ်ကောင်စီက တပ်စွဲထားပြီး ဒေါ့ဖုန်းယန်မှာ ခယာဘွမ်အထိ စစ်အင်အား ထောင်ဂဏန်းရှိနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။
ယမန်ည ၁၀ နာရီဝန်းကျင်ခန့်ကလည်း စစ်ကောင်စီက ဒေါ့ဖုန်းယန်စစ်တပ်ကုန်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု များ ပြုလုပ်ခဲ့ကြောင်း ဒေါ့ဖုန်းယန်ဒေသခံများ ပြောဆိုချက်မှသိရသည်။