မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

တာလောကြီးဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင်ရွှေတူးဖော်မှုပိုမိုများပြားလာ

မြစ်ကြီးနားမြို့နယ်၊ တာလောကြီးဒေသဘက်တွင် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း၌ ပိတ်ပင်ဖမ်းဆီးမှုမရှိတော့သည့်အတွက် တရားမဝင်ရွှေတူးဖော်မှု ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
တာလောကြီးဒေသဘက်တွင် ယခင်အစိုးရလက်ထက် တရားမဝင် ရွှေတူးဖော်မှုများရှိခဲ့သော်လည်း သက်ဆိုင်ရာမှဖမ်းဆီးမှုများ မကြာခဏရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ မတ်လ နောက်ပိုင်းမှစတင်ကာ တရားမဝင်ရွှေတူးဖော်မှု သိသိ သာသာများပြားလာကြောင့် လုံခြုံရေးအရ အမည်မဖော်လိုသည့် တာလောကြီးကျေးရွာနေ အမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။
“အခုကမြစ်ရိုးမှာ တော်တော်များတယ် ရွှေဖောင်ကြီးတွေနဲ့လုပ်ကြတာ အခုနောက်ပိုင်းမှာ ပိုပြီးလုပ်လာ ကြတာ ဒီအာဏာသိမ်းပြီးနောက်ပိုင်းပေါ့ဗျာ။ အခုနောက်ပိုင်းကဖမ်းဆီးတာတို့လည်းမရှိဘူးလေး ဟိုအရင်ကတော့ ပိတ်ပင်တားဆီးတာတို့ရှိတယ်လေး အခုနောက်ပိုင်းကအ့လိုဖမ်းဆီးတာတို့မရှိတော့ ပိုပြီး လုပ်လာကြတာ။တော်တော်လေးများတယ် ရွှေဖောင် အစီးရေ ခြောက်ရာ ခုနှစ်ရာလောက်ရှိတယ်။ ပိုက်ဆံရှိတဲ့လူက စက်ကြီးတွေထောင်ပြီးလုပ်ကြတာ အဖမ်းအဆီးမှ မရှိတာကို” ဟု အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးကပြောသည်။
အဆိုပါ တရားမဝင်ရွှေတူးဖော်မှုသည် တာလောကြီးကျေးရွာ၊ ခေါင်ဖူးကျေးရွာမှ ဆင်ဘိုမြို့အထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင်တူးဖော်နေကြပြီး ယခင်အစိုးရလက်ထက်က ဖမ်းဆီးမှုများ မကြာခဏရှိခဲ့သောကြောင့် လုပ်ငန်းရှင် ရှစ်ဆယ်၊ တစ်ရာနီးပါသာရှိခဲ့ပြီး ယခုနောက်ပိုင်းဖမ်းဆီးမှုမရှိသောကြောင့် ယခုကဲ့သို့ တရားမဝင်ရွှေတူးဖော်မှုများပြားလာရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
”အရင်အစိုးရလက်ထက်ကဆိုရင် တစ်လကိုတစ်ကြိမ်မဟုတ်ရင်တောင် နှစ်တစ်ကြိမ် သုံးလတစ်ကြိမ်လောက်တော့အမြဲတမ်း လာတယ်လေး ဖမ်းဆီးရေအဖွဲ့တွေက အ့ဆိုတော့ အခုလောက်မလုပ်ကြဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။
တရားမဝင်ရွှေတူးဖော်မှုတွင် ဒေသခံများလည်းပါဝင်ပြီး အများစုမှာ နယ်ဝေးမှာလာရောက်လုပ် ကိုင်သူများဖြစ်ပြီး စက်ကြီးများဖြင့်လုပ်ကိုင်သူများမှာလည်း ရပ်ဝေးမှ လာရောက်လုပ်ကိုင်သူများသာ ဖြစ်ကြောင်းသိရသည်။
“ဒေသခံတွေလည်း ပါတယ် ပိုက်ဆံရှိတဲ့လူတွေက ရွှေဖောင်ထောင်ပြီးလုပ်နေကြတော့တာ။ လူပေါင်း စုံပါပဲ ဗန်းမော်ဘက်ကလူတွေလည်းပါတယ် မြစ်ကြီးနားမြို့ပေါ်ကလူတွေလည်းပါတယ်။ ရပ်ဝေးကတော့ အများဆုံးပဲ။ရွာသားတွေကတော့ ရွှေဖောင်မထောင်နိုင်ဘူးလေ ဒေသခံတွေကတော့ လုပ်ရင်လည်း အသေးအမွှားလောက်ပဲလုပ်နိုင်ကြတာ” ဟု တာလောကြီးကျေးရွာနေအမျိုးသားတစ်ဦး ကပြောသည်။
ယခုကဲ့သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် တရားမဝင်ရွှေတူးဖော်မှုများကြောင့် ဧရာဝတီမြစ်ကိုအားထားပြီး မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် စိုက်ပျိုးတောင်သူများ စိုက်ခင်းရေတိုက်စားခြင်း၊ ကမ်းပါးပြိုခြင်းစသည့် အခက်အခဲ များဖြင့်ကြုံတွေ့နေ ရကြောင်းလည်းသိရသည်။
စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းရှိ နေရာအနှံ့အများတွင် တရားမဝင်ရွှေတူးဖော်မှုပိုမိုများပြားလာပြီး ယခင်ကရွှေတူးဖော်မှုအနည်းငယ်သာရှိသည့် ပူတာအိုမြို့ နယ်အတွင်းတွင်လည်း ယခုနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုသိသိသာသာမြင့်တက်လာနေ ကြောင်းသိရသည်။
Show More

Related Articles

Back to top button