ရွှေညောင်ပင်အထက်တန်းကျောင်းတွင် ကျောင်းသားအသစ်လက်ခံရန် နယ်မြေမှူးထောက်ခံစာတောင်းခံ

မြစ်ကြီးနားမြို့ ၊ ရွှေညောင်ပင်ရပ်ကွက် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းလာရောက်အပ်နှံသူများကို နယ်မြေမှူး ထောက်ခံစာ နှင့် မွေးစာရင်းယူဆောင်လာမှသာ ကျောင်းအပ်လက်ခံနေကြောင်း အမည်မဖော်လိုသည့် ရွှေညောင်ပင်ရပ်ကွက်နေသူ တစ်ဦးထံမှ သိရသည်။

“မနှစ်က ကျောင်းမတက်တဲ့သူတွေ ဒီနှစ်ကျောင်းအပ်တော့ ကျောင်းသားအသစ်လို့ ပြောတယ်။ ပြီးတော့ နယ်မြေမှူး ထောက်ခံစာ ယူခိုင်းပါတယ်။ ထောက်ခံစာ တစ်စောင်ကိုလည်း တစ်ထောင်ပေးရတယ်။ ထောက်ခံစာကလည်း လွယ်လွယ်မရပါဘူး တော်တော် ခခယယ ယူရပါတယ်။ အိမ်နံပါတ်လည်း အတိအကျမေးတယ်။ ထောက်ခံစာက အိမ်နံပါတ်ပြောပြမှပဲ ရေးပေးတာပါ။ ကျောင်းအပ်ကလည်း ထောက်ခံစာ ပါမှလက်ခံမှာတဲ့။ တချို့မိဘတွေကိုဆို မွေးစာရင်းတောင် တောင်းတယ်။” ဟု ပြောပါသည်။

အာဏာသိမ်း စစ်ကောင်စီက ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ အခြေခံပညာသင်နှစ်တွင် ကျောင်းအပ်နှံသည့် ကျောင်းသူ ၊ ကျောင်းသားဦးရေ ယခင် ၂၀၂၁-၂၀၂၂ အခြေခံပညာသင်နှစ်ထက် ပိုမိုများလာကြောင်း သိရသည်။

“ရွှေညောင်ပင်ရပ်ကွက်က မြေငှားအိမ်ငှားနေတဲ့သူတွေ အရမ်းများပါတယ်။ အခြေခံလူတန်းစားတွေ ဖြစ်လို့ မြေငှားအိမ်ငှား နေကြတာ အိမ်နံပါတ်တွေ မရှိပါဘူး။ ကျောင်းအပ်တဲ့ချိန် အိမ်နံပါတ်တွေတောင်းတော့ မရှိဘူး ပြောတော့ ကျောင်းအပ်လို့ မရဘူးဆိုပြီး ကျောင်းအပ်လက်ခံတဲ့ ဆရာ ၊ဆရာမတွေ ပြောတယ်။” ဟု KNG ကချင်သတင်းဌာနကို ဆက်လက်ပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမည့်ရက်ကို မေလ ၂၆ ရက်နေ့ မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပြီး ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အခြခံပညာကျောင်း စတင် ဖွင့်လှစ်သင်ကြားသွားမည်ဟု သိရသည်။

Show More
Back to top button