သတင်း

ခင်ဦး မီးဘေးသင့် ပြည်သူ ၄၀၀၀ နီးပါးအတွက် ယာယီတဲများ လိုအပ်နေ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ ၄၀၀၀ နီးပါးအတွက် ယာယီတဲများ တည်ဆောက်ပေးရန် လိုအပ်နေကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။

မေလ ၂၉ ရက်နေ့က ရေဦးမြို့မှ စစ်ကားသုံးစီးနှင့် ပျဉ်ထောင်ကျေးရွာ မှ ပျူစောထီးအင်အား ၈၀ ခန့်ဝင်ရောက်လာပြီး သရက်ကုန်းကျေးရွာအတွင်းရှိ လူနေအိမ် ၇၅ လုံးနှင့် ဗလီဘုရားကျောင်းဆောင်တစ်လုံးတို့ကိုမီးတင်ရှို့ခဲ့သည့်အတွက် ခင်ဦးနယ်တွင် မီးဘေးသင့် လူဦးရေး ၄၀၀ နီးပါးမီးဘေးသင့်ခဲ့ပြီး ယခင်က ကျန်ရှိနေသေးသည့် မီးဘေးသင့်ပြည်သူ ၃၀၀၀ ကျော်အပါစုစုပေါင်း၄၀၀၀ နီးပါးအတွက် ယာယီတဲများတည်ဆောက်ပေးရန်လိုအပ်နေကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“သူတို့က လက်နက်ကြီးတွေအလွန်အကျွံပစ်ခတ်ပြီး သရက်ကုန်းကျေးရွာကိုဝင်ရောက်လာတယ်ဗျ လူနေအိမ် ၇၅လုံးမီးရှို့သွားတယ် လက်နက်ကြီးထိလို့ နေအိမ်ငါးလုံးပျက်စီးသွားတယ် အဲ့ရွာကလူတွေကတော့ ရွာကိုပြန်ကပ်နိုင်ပါပြီ ဒါပေမယ့် မီးဘေးသင့်တွေကတော့ အိမ်မရှိတော့ ရွာထဲက နီးစပ်ရာမှာနေနေကြရတယ် သူတို့အတွက်ရော ပြီးတော့ အရင်က မီးဘေးသင့်ထားတဲ့သူတွေကော ပေါင်းလိုက်ရင် လူဦးရေ ၄၀၀၀ လောက်ရှိမယ် သူတို့အတွက်လတ်တလော ခိုနေဖို့ ယာယီတဲလိုအပ်နေတယ်” ဟု ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ခင်ဦးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် ဖုန်းအင်တာနက်လိုင်းများဖြတ်တောက်ခဲ့သည့် မတ်လ နောက်ပိုင်းမှစတင်၍ ငါးတင်းကြီးကျေးရွာ၊ ရှားလွင်ကျေးရွာ၊ ကုလားလူးကျေးရွာ၊ တမုန်ကျေးရွာ၊ မှန်တောကျေးရွာ ၊ ဒါန်းကုန်းကျေးရွာ၊ ကျွန်းလယ်ကျေးရွာများအပါအဝင် ယနေ့ထိ ကျေးရွာပေါင်း ၃၀ကျော်မှ လူနေအိမ် ၁၃၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့ရာ လူဦးရေ သောင်းချီမီးဘေးသင့် လျက်ရှိနေပြီး ယင်းမီးဘေးသင့်ပြည်သူများအတွက် ယာယီတဲများတည်ဆောက်ပေးရန်လိုအပ်နေကြောင်း ခင်ဦးနယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

“တချို့ကျေးရွာတွေကရွာလုံးကျွတ်နီးပါးမီးရှို့ခံရတော့ ပြန်စရာအိမ်မရှိတော့ နီးစပ်ရာရွာတွေက အိမ်တွေမှာ ခိုလုံနေရတယ် သူတို့အတွက် ယာယီတဲတွေတည်ဆောက်ပေးဖို့လိုတယ် သူများအိမ် မှာနေရတာဆိုတော့ရေရှည်အဆင်မပြေဘူး ပြီးတော့ယာယီတဲလေးတွေရှိရင်တော့ ကိုယ့်ရပ်ကိုယ့်ရွာပြန် ပြီး အလုပ်လုပ်လို့ရတယ် စိုက်ပျိုးရေးတွေ သွားလုပ်လို့ရတယ် ” ဟု ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန် ရှိသူကပြောသည်။

မိုးရာသီကာလရောက်တော့မည်ဖြစ်သည့်အတွက် မိုးကာတဲအမြန်တည်ဆောက်ပေကးရန် လိုအပ်နေပြီး တဲတစ်လုံးအတွက် ကုန်ကျစရိတ် ၅၀၀၀၀ ကျပ်ဝန်းကျင် ကျမည်ဟုလည်း သိရသည်။

အဆိုပါ ယာယီတဲများ တည်ဆောက်ပေးနိုင်ရေးအတွက် ကူညီလှူဒါန်းမည်ဆိုပါ ခင်ဦးနယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ရိုက်သော်လည်းကောင်း လူမှုကွန်ရက်စာမျက်နှာမှတဆင့်သော်လည်း ကောင်း၊ စစ်ရှောင်များအရေးကူညီဆောင်ရွက်ပေးနေသည့် တက်ကြွလှုပ်ရှားသူငယ်များနှင့်သော်လည်း ကောင်းဆက်သွယ်စုံးစမ်း၍ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းမြို့နယ်ကျေးရွာများတွင် နေ့စဉ်ဆိုသလို စစ်ကောင်စီတပ်မှ နေအိမ်များ လိုက်လံမီးရှို့နေပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဧပြီလအထိ စစ်ကောင်စီ မီးရှို့ခဲ့သည့် လူနေအိမ်အရေအတွက်မှာ ၇ ထောင်ငါးရာကျော် ရှိကြောင်း Data For Myanmar စာရင်းများက ဖော်ပြထားသည်။

Show More

Related Articles

Back to top button