ဗန်းမောက်တွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦး ထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်‌ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များအား Banmauk Revolution BR ပြည်သူ့ကာကွယ်ရေးတပ်မှ ၂ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးကြောင်း BR PDF မှ သိရသည်။

“ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တယ်။ ဆင်ကန်ရွာကပြည်သူနေအိမ်တွေပေါ်တက်ပြီး နေထိုင်တယ် စားသောက်ကြတယ်လို့ သိထားတယ်။ မိုင်းဆွဲတဲ့အခြေနေကတော့ သူတို့ဘက်က၅ယောက်ထက်မနည်း ကျဆုံးတယ်လို့ စစ်ရေးတာဝန်ခံကပြောတယ်။ နောက်ပြီး မနေ့ကတော့ လုံးကင်းနဲ့ရွှေကျောင်းအနီး စစ်ကြောင်း ထပ်ထိုးလာတဲ့အဖွဲ့ကို ရှော့ဒုံးတီထွင်ပြီး စမ်းသပ်ပစ်ခတ်တာလည်းအောင်မြင်ခဲ့တယ် နှစ်ရက်အတွင်း စုစုပေါင်း ၁၀ယောက် ထက်မနည်းကျဆုံးတယ်” ဟု Banmauk Revolution BR မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင် ဗန်းမောက်မြို့အရှေ့ဘက်မှ ကျွဲကောကြီးရွာနှင့် ဆင်ကန်ရွာကြား စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်အတွက် ဗန်းမောက် PDF မှ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦး ထက်မနည်း သေဆုံးကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဗန်းမောက်မြို့နယ် တောင်ဘက်ရှိ လုံးကင်းနှင့် ရွှေကျောင်းရွာအနီး စစ်ကြောင်းထိုးလာသည့်တပ်ဖွဲ့ကို ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ၂ ရက်အတွင်း ၁၀ ဦးထက်မနည်း သေဆုံးကြောင်း Banmauk Revolution BR မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လတ်တလောတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၇၀ ခန့်ဖြင့် မြင်သာ၊ ညောင်ကိုင်းတွင်တစ်ကြောင်း လုံးကင်း၊ ရွှေကျောင်းတွင်တစ်ကြောင်းဖြင့် ဗန်းမောက်တောင်ပိုင်းအား စစ်ကြောင်းထိုးနေသည်ဟု Banmauk Revolution BR မှ တာဝန်ရှိသူက ပြောသည်။

Show More
Back to top button