ဝိုင်းမော် စစ်ရှောင်များအနက် ကိုယ်ဝန်ဆောင်မိခင်နှင့် အမျိုးသမီးများ၏ အခက်အခဲ
ဝိုင်းမော်မြို့နယ်တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များတွင် လုံလောက်လောက် ကူညီထောက်ပံ့မှု မရရှိဘဲ မိုးရာသီ အဆိုးရွားဆုံး အခြေအနေကို ဖြတ်ကျော်နေရသည်။ ထိုအထဲတွင် ဇူလိုင်လ ပထမအပတ် ဧရာဝတီမြစ်ရေကြီးမှုတွင် ဧရာဝတီမြစ်ကမ်းရှိ စစ်ရှောင်စခန်းများ ရေထဲ ပျက်စီးသွားသဖြင့် စခန်းကို အစမှ ပြန်လည် တည်ဆောက်ရန် လိုအပ်နေသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် တစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဝိုင်းမော်ဒေသခံများသည် စစ်ရှောင်သက်တမ်း တစ်လပြည့်ခဲ့ပြီ ဖြစ်သည်။
မေလ ၂၁ ရက်နေ့ ဝိုင်းမော်မြို့စောင့်တပ်ဖြစ်သော ရွှေညောင်ပင်ကျေးရွာအခြေစိုက် ခမရ ၃၂၁ စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မြစ်ကြီးနားမြို့ဖက်မှ စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့သောကြောင့် အရပ်သား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရရှိမှု ရှိခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်သည် အတွဲလိုက်ဗုံးများ ပစ်ခတ်သဖြင့် ဒေသခံပြည်သူများ၏ နေအိမ်အများအပြား ထိခိုက် ပျက်ဆီးခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။ ထို့ကြောင့် ဒေသခံများသည် ဝိုင်းမော်မြို့ပေါ် နှင့် နီးစပ်ရာ ကျေးရွာများတွင် ထွက်ပြေးခိုလှုံနေကြသည်။
ဝိုင်းမော်မြို့နယ်၊ အင်ဂန်းကျေးရွာတွင် အိမ်ထောင်စု (၁၉၆) စု ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စုစုပေါင်း လူဦးရေ (၈၈၄)ခန့် ရှိသည်ဟု လက်ရှိ စစ်ရှောင် စခန်းတွင် တိမ်းရှောင်နေသူတစ်ဦး ပြောသည်။ ထိုစစ်ရှောင်စခန်းတွင် အသက် ၅ နှစ်အောက် ကလေးသူငယ် (၁၂၃) ဦးရှိပြီး အမျိုးသမီး (၄၀၀) ကျော်ခန့်ရှိသည်ဟု သိရသည်။
ဒိန်ဂျန်ယန်ကျေးရွာတွင် နီးစပ်ရာ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသော အိမ်ထောင်စု (၂၁) စု ခန့်ရှိပြီး ထပ်တိုးရန်ရှိ သေးကြောင်း စခန်းတာဝန်ခံမှ ပြောသည်။ စခန်းတွင် ကိုယ်ဝန်ဆောင်မိခင် (၂) ဦး ခန့်ရှိပြီး နို့တိုက်မိခင် (၂) ဦး ရှိနေသည်။ လက်ရှိအချိန်တွင် ဆေးပေးခန်းဟူ၍ သီးသန့်မရှိသည့်အပြင် အစာအဟာရများ လိုအပ်လျက်ရှိနေကြောင်း စခန်းတာဝန်ခံ၏ ပြောပြချက်အရ သိရပါတယ်။
လဘန်ကျေးရွာတွင် ကိုယ်ဝန်ဆောင်မိခင် (၁၁) ဦး ရှိနေသည်။ လုံလောက်သော အစာအဟာရများ မရရှိသည့်အပြင် ကိုယ်ခံအားနည်းခြင်းနှင့် အိပ်မပျော်ခြင်းများ တွေ့ကြုံနေရကြောင်း စခန်းမှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးမှ ယခုလိုပြောဆိုသည်။
“မိုးကာတဲများနှင့်သာနေရတဲ့အတွက် အခန်းတွေကပ်ရပ်ဖြစ်လို့ နေရာထိုင်ခင်းကျဉ်းတယ်၊ စိတ်ကျဉ်းကြပ်တယ်၊ အိပ်မပျော်ဘူး” ဟု ဆိုသည်။
လဘန်ကျေးရွာသည် မြစ်ကြီးနားမြို့နှင့် တစ်နာရီခွဲခန့်ဝေးသည့်အတွက် အရေးပေါ်ကုသနိုင်ရန် အခက်အခဲများရှိသည်။ လက်ရှိတွင် ဆေးခန်းမရှိသည့်အပြင် ဆရာဝန်ပြရန်လည်းမရှိကြောင်း ပြောပြသည်။
ခါနန်စစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် နို့တိုက်မိခင် (၂၅) ဝန်းကျင်ရှိပါသည်။ မိုးရာသီရောက်ရှိနေပြီ ဖြစ်သည့်အတွက် မြေစိုစွပ်ချိန် ကိုယ်ဝန်ဆောင်မိခင်များ ချော်လှဲနိုင်ပြီး နို့တိုက်မိခင်များအနေဖြင့် ကလေးအနှီးများ မခြောက်မှု၊ ပိုးမွှားများ မသန့်စင်မှုများကြောင့် ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ကြောင်း စခန်း တာဝန်ရှိသူ၏ပြောပြချက်အရ သိရသည်။
ကျောင်းများရှိသော်လည်း လက်ရှိအချိန်တွင် မဖွင့်လှစ်နိုင်သေးပေ။ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် မသန်စွမ်းအမျိုးသမီး (၄)ဦးခန့် ရှိပြီး လက်ရှိတွင် မီးဖွားနေသူလည်းရှိကြောင်းသိရပါသည်။
စစ်ဘေးမှ ရေဘေး ထပ်ဆင့် ကြုံတွေ့နေရ
တစ်လကျော်အကြာ စစ်ဘေးရှောင်လာခဲ့သည့် ဝိုင်းမော်ဒေသခံများသည် ယခုအခါ ၎င်းတို့သယ်ဆောင်လာသည့် စားနပ်ရိက္ခာများကုန်ခမ်းလာပြီး အခြေခံစားသောက်ကုန်များ ပျက်လက်လျက်ရှိနေသည်။ စစ်ရှောင်စခန်း တာဝန်ခံများ၏ ပြောပြချက်အရ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်နှင့် ကလေးများအတွက် အားဆေးများ၊ အဟာရရှိမည့်အစားအစာများ လိုအပ်လျက်ရှိပြီး ဆေးခန်းနှင့် ဆရာဝန်ပြရန်လိုအပ်လျက်ရှိနေသည်။
မိုးရာသီရောက်လာသောကြောင့် နေစရာအိမ်များ မိုးကာတဲတည်ဆောက်ရန် လိုအပ်နေချိန်တွင် ဇူလိုင်လ ၁ ရက်နေ့ ဧရာဝတီမြစ်ရေကြီးမှုတွင် ဧရာဝတီမြစ်ဘေးရှိ နောင်းချိန်းစစ်ရှောင်စခန်းများ အလုံးစုံပျက်စီးသွားသဖြင့် စစ်ရှောင်စခန်းအစမှ ပြန်လည်တည်ဆောက်ရန် လိုအပ်နေသည်။
ထို့အပြင် ကျောင်းနေအရွယ်ကလေးများသည် ကျောင်းများပိတ်ထားသည့်အတွက် ပညာရေးတပိုင်းတစ ဖြစ်နေပြီး လွတ်လပ်စွာ ပညာသင်ကြားခွင့်နှင့်အသက်အရွယ်အလိုက် သင်ကြားခွင့်များဆုံးရှုံးလျက်ရှိနေသည်။
အကူအညီများအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းများနှင့် ကိုယ်ထူကိုယ်ထ လာရောက်ကူညီသူများသာရှိသည်ဟု စစ်ရှောင်တာဝန်ခံများက ဆိုသည်။
စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များ သေဆုံးမှု မြင့်တက်လာပြီး ထိခိုက်ဒဏ်ရာမှုများလည်း ရှိနေသည်။ စစ်ဘေးရှောင်နေရသည့် အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် ယခုလို စစ်ကောင်စီ၏ လုပ်ရပ်ကို ကချင်လူ့အခွင့်ရေးလှုပ်ရှားသူ ဆရာမတစ်ဦးက ယခုလို သုံးသပ် ပြောဆိုထားသည်။
“အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားတာဟာ Geneva Convention နိုင်ငံတကာ စစ်ရာဇဝတ်မှုကျူးလွန်နေပြီး မြို့နဲ့နီးတဲ့နေရာ ထိ စစ်ပွဲများဖြစ်လာတဲ့အတွက် လူထုရဲ့ လုံခြုံမှုဟာ ဇီးရိုးဖြစ်လာတယ်လို့မြင်တယ် ဘာလို့လဲဆိုတော့ ပြည်သူတွေကို စစ်လက်နက်တဖွယ် အသုံးပြုလာတယ်” ဟု ဆိုပါတယ်။
ကချင်ပြည်နယ်တွင် သဘာဝသယံဇာတ တူးဖော်သည့်လုပ်ငန်းများ ပိုမိုများပြားလာပြီး ထိုအထဲတွင် မြေရှားသတ္တုတူးဖော်သည့်လုပ်ငန်းများကြောင့် မြစ်ချောင်းများတွင် ဓာတု သတ္တုများစိမ့်ဝင်နေကာ အဆိပ်သင့်နေပြီဟု ဒေသခံများ ပြောဆိုသည်။
ထို့ကြောင့် လက်ရှိ စစ်ဘေးရှောင်ပြည်သူများသည် ဧရာဝတီမြစ်တလျှောက်တွင်ရှိနေသော်လည်း သောက်သုံးရေများ ပိုမို ခက်ခဲလာခြင်းဖြစ်သည်။