သတင်း

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဘက်က ဆက်ပိတ်ထားဆဲဖြစ်ပြီး KIO ဘက်က ပိတ်ထားခြင်းမရှိဘူးလို့ ဆို

ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO)ထိန်းချုပ်ထားတဲ့ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဘက်က ဆက်ပိတ်ထားဆဲဖြစ်ပြီး KIO ဘက်က ပိတ်ထားခြင်းမရှိဘူးလို့ KIO ဘက်ကပြောပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၁ ရက်ကစပြီး  KIO ဌာနချုပ်ရှိရာ လိုင်ဇာ တရုတ်မြန်မာနယ်စပ်ဂိတ်အပါအဝင် လွယ်ဂျယ်ဂိတ်တွေကို ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO/KIA)ဘက်က တန်ပြန်ပိတ်ထားလိုက်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO)အနေနဲ့ နယ်စပ်ဂိတ်တွေကို အထူးတလည် ပိတ်လိုက်တာမျိုးမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ 

ကျနော်တို့ KIO အနေနဲ့တော့ တရုတ်မြန်မာနယ်စပ်တံခါးပိတ်တာမျိုး မလုပ်ဘူး။ တရုတ်ဘက်က ပိတ်တယ်ဆိုပြီး လုပ်ထားတယ်။ သူတို့ဘက်က ပြန်ဖွင့်ပြီလို့ ကျနော်တို့ဆီ သတင်းပေးတာမျိုးလည်း မရှိဘူး။ ဒါကြောင့် ကျနော်တို့ တရုတ်ဘက်က ပိတ်ထားလောက်တယ်ပဲ ကျနော်တို့သိတယ်။ ထိုနည်းတူ ကျနော်တို့ဘက်ကတော့ နယ်စပ်တံခါးပိတ်တယ်၊ မပိတ်ဘူး ဆုံးဖြတ်ထားတာမျိုး မရှိဘူး။ ဘယ်ဘက်ကလာတဲ့သတင်းလဲ မသိဘူးနော်။လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

 ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေတည်ရှိရာ ကချင်အထူးဒေသ  အတွင်းက နယ်ခြားစောင့်တပ်ဌာနချုပ် ပန်ဝါမြို့အပါအဝင် ပြည်သူ့စစ်တပ်စခန်းတွေအပါအဝင် မြို့၊ရွာတွေကို သိမ်းပိုက်လိုက်ပြီးနောက် တရုတ်ဘက်က နယ်စပ်ကုန်သွယ်ရေးဂိတ်အာလုံးကို ပိတ်လိုက်တာဖြစ်ပါတယ်။

ကချင်ထူးဒေသ   မြို့၊ ရွာအားလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့တစ်ခုသာကျန်နေတော့တာပဲဖြစ်ပါတယ်။

တစ်ဖက်မှာ တရုတ်ရဲ့ဖိအားကြောင့် KIA ဘက်က ကန်ပိုင်တည်ကို တိုက်ခိုက်ခြင်းမပြုပဲ လက်ရှိချိန် သေနတ်သံတွေ ငြိမ်သက်နေတာလည်းဖြစ်ပါတယ်။

ဒေသခံတွေပြောဆိုချက်အရ တရုတ်အစိုးရဘက်က ကချင်မှာ ကန်ပိုင်တည်နယ်စပ်ဂိတ်နဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်ကိုသာ ဖွင့်ထားဖို့ KIO ကိုညှိနှိုင်းရာ KIO ဘက်က နယ်စပ်ဂိတ်တွေကိုဖွင့်မယ်ဆိုရင် အားလုံးကိုဖွင့်စေလိုကြောင်း ပြောဆိုမှုအပေါ် တရုတ်အစိုးရဘက်က လက်မခံတာကြောင့် KIO ဘက်ကလည်း နယ်စပ်ဂိတ်အားလုံးဖွင့်မှ ပြန်ဖွင့်မယ့်ဆိုတဲ့သဘောနဲ့ ပိတ်ထားလိုက်တာလို့ ပြောဆိုကြပါတယ်။ 

တရုတ်ဘက်က  ရက်လောက် သူတို့ရဲ့ ကုန်စည်တွေ၊ လူတွေဖြတ်သန်းဖို့ ယာယီပဲဖွင့်ဖို့လုပ်တော့ KIO ဘက်ကတော့ ဖွင့်လိုက်၊ ပိတ်လိုက် အဆင်မပြေဘူး၊ ဖွင့်မယ်ဆိုလည်း ကောင်းကောင်းဖွင့်ပေါ့၊ ပိတ်မယ်ဆိုလည်း ကောင်းကောင်းပိတ်၊ စည်းစနစ်တကျနဲ့ ထုတ်ပြန်စာတွေထုတ်ပြီး ကောင်းမွန်စွာ လုပ်ဆောင်စေချင်တာ။ အခုက အဲလိုမဟုတ်ဘဲ ကလေးကစားစရာလိုလို ဘာလိုလိုလာလုပ်တော့ KIO ဘက်က ပိတ်ထားလိုက်တဲ့အခြေအနေဖြစ်တယ်။ အခုတော့ နယ်စပ်တံခါးပိတ်ထားတော့ ကုန်သွယ်မှုမရှိနေတော့ ပြည်သူတွေအတွက်တော့ ပိုခက်လာတာပေါ့။လို့ လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO)ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေမှာ ပြည်သူလူထုတွေအနေနဲ့ KIO ကထုတ်ပေးမယ့် မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်တွေနဲ့သာ ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပြီး ဒေသခံတွေကို မှတ်ပုံတင်ပြုလုပ်ပေးဖို့ ပြင်ဆင်နေတာလည်း ရှိတယ်လို့ ဆိုပါတယ်။ 

ဒီလိုလုပ်ဆောင်ဖို့လည်း တရုတ်အစိုးရဘက်က သဘောတူထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။ 

တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကို ဖိအားပေးဖို့ နယ်စပ်ကုန်သွယ်မှုအားလုံးကို ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button