မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်းသယ်ခွင့်ပိတ်ထားလို့ မူဆယ်မှာ အခြေခံစားသောက်ကုန်ပြတ်လပ်
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ပိတ်ပင်ထားတာကြောင့် မူဆယ်မြို့ထဲမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေပြီး အခက်ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ကို နှစ်ဖက်အာဏာပိုင်တွေဘက်က ပိတ်ပင်ထားတာ တစ်ပတ်ခန့်ရှိလာပြီဖြစ်ပြီး မူဆယ်မြို့ထဲမှာ ကုန်စျေးနှုန်းတွေမြင့်တက်ကာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေပြီလို့ ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။
“တရုတ်ဘက်က ကုန်ပစ္စည်းတွေကို မန့်ဝိန်းဂိတ်ကနေပဲ သယ်ယူခွင့်ပေးတော့မယ်။ ဆိုတော့ ကုန်သည်တွေအားလုံးကလည်း အဲဘက်ကနေဝင်ဖို့ ဦးတည် သွားစောင့်နေတာပေါ့။ ဒါပေမဲ့ မန့်ဝိန်းဂိတ်ကို မြန်မာဘက်က မဖွင့်ပေးသေးတာ။ အဝင်အထွက်လက်မခံသေးတာပေါ့။ အခု အခြေခံစားသောက်ကုန်တွေ အဝင်မရှိဖြတ်သန်းခွင့် မရနေတာကြောင့် မူဆယ်ထဲ စားသောက်ကုန်တွေပြတ်လာတယ်။ နာရေး၊ သာရေး အစီအစဉ်ကြီးတွေလုပ်ဖို့ ပြင်ဆင်ထားသူတွေလည်း တရုတ်ဘက်က ကုန်ပစ္စည်းတွေပဲအဓိက သုံးကြတာဆိုတော့ ငါးရှာတာတောင် မတွေ့တော့ဘူး။ အာလူးလိုက်ရှာနေသူတွေ၊ ဥနီလိုက်ရှာဝယ်တာတွေ ရှာဝယ်လို့ မရတော့တာကြောင့် ခက်နေကြတာတော်တော်များပဲ။ ဒီလိုပဲ ကြာကြာပိတ်နေရင်တော့ ဒီဘက်မှာ စားသောက်ကုန်တွေ ပိုခက်လာဖို့ပဲရှိတယ်”လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မူဆယ်မြို့က အဓိက တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ၃ ခုဖြစ်တဲ့ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နဲ့ မန့်ဝိန်းဂိတ်တွေ ပုံမှန်လည်ပတ်နေတဲ့အထဲ မန့်ဝိန်းဂိတ်ကိုပိတ်လိုက်ပြီး ဆင်ဖြူဂိတ်နဲ့ နန်းတော်ဂိတ်ကိုသာ ပုံမှန်ဖွင့်ထားတာဖြစ်ပါတယ်။
နန်းတော်–ဂျေဂေါင်ဂိတ်ကနေ လူပဲဖြတ်သန်းခွင့်ပြုထားပြီး ဆင်ဖြူဂိတ်ကနေတော့ အခြေခံစားသောက်ကုန်တွေလောက်သာ သယ်ယူပို့ဆောင်ခွင့်ပြုထားတာဖြစ်ပါတယ်။
လက်ရှိမှာ တရုတ်အာဏာပိုင်တွေဘက်က အခြေခံစားသောက်ကုန်ပစ္စည်းတွေသာ သယ်ယူခွင့်ရနေတဲ့ ဆင်ဖြူဂိတ်ကို ပိတ်လိုက်ကာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး မန့်ဝိန်းဂိတ်ကနေပဲ စားသောက်ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
ခုလို တရုတ်ဘက်ကနေ ဖွင့်ပေးပေမဲ့ မြန်မာဘက်က မန့်ဝိန်းဂိတ်ကို ဆက်လက်ပိတ်ထားတဲ့အတွက် တရုတ်ဘက်ကနေဝင်လာမယ့် ကုန်တင်ကားတွေကို အဝင်မခံသေးတာကြောင့် ကုန်သည်တွေအတွက် အခက်ကြုံနေတာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ နယ်စပ်ဂိတ် ၃ ခုစလုံးကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်လို့မရတာကြောင့် ကုန်သည်တွေအခက်ကြုံနေသလို မူဆယ်မြို့တွင်းမှာလည်း အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာနေပြီလို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
“ဂျေဂေါင်ဂိတ်ကနေတော့ လူအဝင်အထွက်တွေလုပ်လို့ ရနေတယ်။ ကုန်ပစ္စည်းတွေပဲ သယ်ယူပို့ဆောင်ခွင့်မရတော့တာ။ တရုတ်ဘက်ကနေ အခြေခံစားသောက်ကုန်တွေ ဝင်လို့မရတော့တာ။ အဝတ်အစားတွေလည်း အသစ်ထုတ်တွေ တစ်ခုမှ ဝင်လို့မရဘူး။ မူဆယ်မှာ အခု စားသုံးဆီတော်တော်ခက်နေတယ်။ တစ်ပိဿာကို ၇၀,၀၀၀ ရောက်နေပြီ။ အစက ၃၀,၀၀၀ လောက်ပဲရှိတာကို အခုက ၇၀,၀၀၀ ရောက်နေပြီ”လို့ မူဆယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
မူဆယ်မြို့က ကုန်ပစ္စည်းသယ်ယူခွင့်ပြုထားတဲ့ ဆင်ဖြူဂိတ်နဲ့မန့်ဝိန်းဂိတ်ကို ပိတ်ထားတာကြောင့် ကုန်ပစ္စည်းတွေသယ်ယူပို့ဆောင်ခွင့်မရဘဲ နယ်စပ်ဂိတ်နားမှာ စောင့်ဆိုင်းနေတဲ့ ကုန်စိမ်းတင်ကားတွေမှာ ကုန်စိမ်းအားလုံးပျက်စီးပြီး အလကားဖြန့်ဝေလိုက်ရတာတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒေသခံတချို့ပြောပြချက်အရ အခုလို နယ်စပ်ဂိတ်တွေပိတ်ထားတာ တစ်ပတ်လောက်ကြာနိုင်မယ်လို့ ပြောဆိုနေတာတွေရှိသလို နယ်စပ်ဂိတ်တွေကို အချိန်ကြာကြာပိတ်ထားရင် ဒေသခံတွေနဲ့ ကုန်သည်တွေအတွက် ပိုမိုကျပ်တည်းလာမှာကိုလည်း စိုးရိမ်နေကြတယ်လို့လည်း ပြောပါတယ်။
By – ဂျာဘောက်ရာ