ပူတာအိုကို တိုက်တော့မယ်ဆိုတဲ့ ဖော်ပြချက်အပေါ် စိုးရိမ်မှု မရှိကြဖို့ KPF တာဝန်ရှိသူပြော
ကချင်ပြည်နယ် ပူတာအိုမြို့ကို တိုက်ခိုက်သိမ်းပိုက်တော့မယ်ဆိုတဲ့ လတ်တလော လူမှုကွန်ရက်မှာ ပြန့်နှံနေတဲ့ သတင်းတွေဟာ KPF ရဲ့ ထုတ်ပြန်ချက်လွဲမှားမှုသာ ဖြစ်ပြီး လူထုတွေ စိုးရိမ်မှု မရှိကြဖို့ KPF တာဝန်ရှိသူက ပြောဆိုပါတယ်။
ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) Facebook စာမျက်နှာမှာ ဇန်နဝါရီလ ၁၆ ရက်နေ့က “ဌာနေပြည်သူ့စစ် တပ်ဖွဲ့၀င်နှစ်ဦး၏ ရုပ်အလောင်းအား သဂြိုလ်ပေးခြင်း” ဆိုတဲ့ ပို့စ်တစ်ခု၏ နောက်ဆုံးစာပိုဒ်တွင် “မကြာတော့မည့်အချိန်တွင် မိမိတို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်တို့အနေဖြင့် ပူတာအိုဒေသကို မလွဲသာမရှောင်သာ တိုက်ပွဲဆက်လက်ဆင်နွှဲသွားမည် ဖြစ်ပါသည်။” ဟု ဖော်ပြခဲ့သည်။
လက်ရှိ သတင်းမီဒီယာအချို့မှာလည်း ပူတာအိုကို တိုက်တော့မယ်ဆိုတဲ့သတင်းတွေ ထုတ်ဖော်ရေးသားတာမျိုးရှိနေပြီး ပူတာအိုဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှု မရှိကြဖို့ Kagabu People’s Force KPF တာဝန်ရှိသူ ဦးစောနွဲ့ Khun Sai Kham က KNG ကို ပြောပါတယ်။
“မြန်မာစာစကားက အရမ်းလေးနက်တော့ ကျနော်တို့ဘက်က နားလည်မှု လွဲမှားတာကို ရေးသားသွားတဲ့ သဘောပါ ပူတာအိုဒေသခံတွေ အနေနဲ့လည်း မစိုးရိမ် မထိတ်လန့်ကြဖို့ ပြောချင်ပါတယ်”လို့ သူကပြောပါတယ်။
စစ်အာဏာရှင် ကင်းစင်ရေးမှာ တော်လှန်ရေး အင်အားစုတွေရဲ့ ဘုံရည်မှန်းချက်ဖြစ်သော်လည်း တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ရေးအရ ထုတ်ဖော်ဖို့ ခက်တယ်လို့ သူက ဆက်ပြောပါတယ်။
“အဲ့ဒီ KPF တွေ ၁၆ ရက်နေ့ ပူတာအိုကို တိုက်တော့မယ်ဆိုတဲ့ ထုတ်ပြန်ချက်က နားလည်မှုလွဲပြီး ရေးထားတာ ဟုတ်တယ်။ ကျွန်တော်တို့ကတော့ ဘယ်ဒေသမဆို စစ်ကောင်စီကင်းစင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေရဲ့ ဘုံရည်မှန်းချက် ဖြစ်တဲ့အတွက် ဘယ်မြို့ရယ်လို့ မပြောဘူး ရှိတဲ့နေရာကတော့ အနည်းနဲ့အမြန်ကတော့ မဝင်သေးတဲ့နေရာတွေကိုတော့ ဝင်ဖို့ရှိတယ်။ ဒါပေမယ့် ဘယ်မြို့ ဘယ်ဒေသရယ်လို့တော့ စစ်ရေးအရ ထုတ်ဖော်လို့ မရပါဘူး”လို့ သူက ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဆော့လော်မြို့နယ်ထဲက လန်ဆယ်ကျေးရွာကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာကြောင့် လက်ရှိ ပူတာအိုခရိုင်ထဲမှာ စစ်ကောင်စီဘက်ကစစ်ရေးပြင်ဆင်တာ၊ လေကြောင်းနဲ့ ပုံမှန်ကင်းထောက်တာတွေ ရှိနေပါတယ်။
ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ ပူတာအိုခရိုင်ထဲက ဆွမ်ပရာဘွမ်မြို့ကို KIA ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်မေလ မှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပူတာအို ခရိုင်မှာ ပူတာအို၊ ဆွမ်ပရာဘွမ်၊ မချန်းဘော၊ နောင်မွန် နဲ့ ခေါင်လန်ဖူးမြို့နယ်တို့ ပါဝင်ပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ် တို့ လှုပ်ရှားရာ ဒေသတွေလည်း ဖြစ်ပါတယ်။
By – Zaw Zaw