သတင်း

စစ်တပ်ရဲ့ စစ်သင်္ဘောတွေ မင်းကင်းနယ်ထဲရောက်လာတဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာ‌ပေါင်း ၂၀ ခန့်တိမ်းရှောင်

လေကြောင်းကနေ လုံခြုံရေးယူပြီး ဆန်တက်လာနေတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ မင်းကင်းမြို့နယ်ထဲဝင်ရောက်လာပြီဖြစ်တဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာ‌ပေါင်း (၂၀) ခန့်တိမ်းရှောင်နေရတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်က သိရပါတယ်။

ဇူလိုင်ဆန်းပိုင်းကစပြီး မုံရွာကနေ ဟုမ္မလင်းခန္တီးဘက်ကိုဦးတည်ကာ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောကြီးသုံးစီး၊သံခွန်မော်တော်၊ စစ်သင်္ဘောငယ် စုစုပေါင်း အစီး ၃၀ ဝန်းကျင်ဟာ လေကြောင်းလုံခြုံရေးယူပြီး မနေ့က မင်းကင်းကျော်လာပြီလို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တစ်ဦး KNGကိုပြောပါတယ်။

မင်းကင်းကျော်လာပြီပြောတယ် ကလေးဝတောင်ဝင်လာတော့မယ်။ ကလေးဝကျော်ရင်တော့ ဟုမ္မလင်းနဲ့နီးနေပြီ မြစ်ကမ်းဘေးရွာတစ်ချို့ရှောင်နေရတာပါ့”လို့ သူကပြောပါတယ်။

စစ်ကောင်စီရဲ့စစ်သင်္ဘောတွေကိုလုံခြုံရေးယူပေးတဲ့လေယာဥ်တွေဟာ မြစ်ကမ်းဘေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ၊ သင်္ဘောပေါ်ကနေ ရွာဘက် လက်နက်ကြီးယမ်းသမ်းပစ်ခတ်တာတွေရှိတာကြောင့် လက်ရှိ မင်းကင်းနယ်ထဲက ကျောင်းတော်ဦး၊ တောင်ယာတောရွာ၊ ချောင်းဝ၊ ကပြစ်စတဲ့ရွာအပါရွာပေါင်း ၁၀ ရွာထက်မနည်းနဲ့ ကလေးဝမြို့နယ်ထဲက ကင်းရွာ၊ရွှေတောင်ရွာ၊စပါးကျီးစတဲ့ရွာတွေတိမ်းရှောင်နေရကြောင်းသိရပါတယ်။

အဲ့ဒီစစ်သင်္ဘောပေါ်မှာ စစ်သားအင်အား၊လက်နက်ခဲယမ်းနဲ့စားနပ်ရိက္ခာတွေ အပြည့်တင်ဆောင်ထားတယ်လို့သိရပါပြီး ဟုမ္မလင်း (သို့မဟုတ်) ခန္တီးမြို့ကို ဦးတည်တက်လာတာဖြစ်နိုင်တာလို့သိရပါတယ်။

လက်ရှိ မင်းကင်းကိုကျော်တက်လာနေတဲ့ စစ်သင်္ဘောတွေဟာ ဟုမ္မလင်းကိုဝင်ရောက်ဖို့ ကလေးဝ၊ မော်လိုက်၊ဖောင်းပြင်နဲ့ ရွှေပြည်အေးမြို့ လေးမြို့ကိုကျော်ဖြတ်ရမှာဖြစ်ပြီး ရွှေပြည်အေးမြို့ကိုတော့ကာကွယ်ရေးတပ်တွေအပြည့်အဝ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

စစ်သင်္ဘောတွေ ချင်းတွင်းမြစ်ကြောင်းပေါ်ရောက်နေတဲ့အတွက် မုံရွာကိုဆင်းပြီးကုန်သွားသယ်မယ့် ကုန်သင်္ဘောအစီး‌ ၈၀ ခန့် ဟုမ္မလင်းသင်္ဘောဆိပ်မှာပိတ်မိနေတာ‌ကြောင့် လတ်တ‌လော ဟုမ္မလင်းမြို့နယ်ထဲကုန်စျေးတက်တာ၊ကုန်စည်ပြတ်လပ်တာတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ခြောက်ဆွဲခြောက်တို့၊ကြက်ဥတို့ကတော့ပြတ်နေတယ် ကုန်သင်္ဘောတွေက မဆင်းရဲကြဘူးလေ။ လမ်းမှာစစ်သင်္ဘောတက်လာနေတော့ အခု အစီး ၈၀၊၁၀၀ လောက်ပိတ်မိနေတယ်။ကုန်သင်္ဘောမဆင်းနိုင်လို့ ကုန်စျေးလည်းတအားတက်တယ်ကုန်သည်တွေက ကုန်မရောက်လာနိုင်မှန်းသိတော့စျေးတင်ကြတာလေ”လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၄ ခုနှစ်တုန်းကလည်း မုံရွာဟုမ္မလင်းရေကြောင်းသုံးပြီး ဟုမ္မလင်း၊ခန္တီးဘက်ကို စစ်အင်အားဖြည့်တာတွေရှိပုံမှန်ရှိခဲ့ပေမယ့် ယခုနှစ်ထဲမှာတော့ဒီတစ်ကြိမ်ပထမဆုံးလို့သိရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့အပါအဝင် မြို့ရဲ့အနောက်ဘက်နဲ့တောင်ဘက်ခြမ်းတွေထဲက ရှေ့ရွာအများစုကို ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားပြီး ဟုမ္မလင်းအရှေ့ဘက်ဖောင်းပြင်မြို့နယ်ထဲမှာလည်းကျေးရွာအများစုကိုကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတာကြောင့် အဲ့ဒီနေရာတွေကိုပြန်ယူဖို့ စစ်အင်အားဖြည့်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေကသုံးသပ်နေကြပါတယ်။

By – အမိုး

Show More

Related Articles

Back to top button