သတင်း

မြေမြှုပ် မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး ခြေ‌ထောက်တစ်ဖက် ပြတ်ထွက်သေဆုံး 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ညာဖက်ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဉ်မှာ မနေ့က ဩဂုတ်လ ၃ ရက် မနက် ၁၁ နာရီခန့် အမှတ်၃ ရပ်ကွက်၊ ဟူးတုံနေ အသက် ၄၄ နှစ်အရွယ် ဦးလောရှင်းက မဒိန်၊ ခကွမ်ကျေးရွာမှာ မျှစ်ချိုးသွားချိန် မြေမြုတ်မိုင်းနှင်းမိခဲ့တာဖြစ်တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။

ညာဖက်ပေါ့ ညာဖက်ခြေထောက် သူကပြတ်ကို ပြတ်သွားတာ မပါလာခဲ့တော့တာ ဒူးဆစ်အောက်ကနားကနေ ပြတ်တာ ခါတိုင်းဖြစ်နေကျနေရာမှာဘဲဖြစ်တာလို့ ဆိုပါတယ်။

ဆေးရုံကို ပို့ဆောင်ချိန် သွေးပေါင်ကျနေတဲ့အတွက် လူမှုကယ်ဆယ်ရေးအသင်းကနေ A သွေးနှစ်လုံးကို ကူညီဆောင်ရွက်ပေးခဲ့ပေမယ့်လည်း ထိခိုက်ဒဏ်ရာပြင်းထန်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဝိုင်းမော် မဒိန်၊ခကွမ်ကျေးရွာအနီးတစ်ဝိုက် မြေမြှုပ်မိုင်း အန္တရာယ် မကြာခန ဖြစ်ပွားနေပေမယ့်လည်း ဒေသခံတွေကတော့ မျှစ်ချိုး ၊ ဝက်စာရှာတာမျိုးတွေကို လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ ပြောကြားချက်အရတော့ ဝိုင်းမော်မြို့မှာ ဒီနှစ် ၂၀၂၅ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။

ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်စပိုင်းလောက်ကစပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကေအိုင်အေ ပူးပေါင်းတပ်တွေအကြား စစ်ရေးတင်းမာနေဆဲဒေသလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်အကြား ခေတ်အဆက်ဆက်ဖြစ်ပွားလာတဲ့တိုက်ပွဲတွေအကြား နှစ်ဖက် လက်နက်ကိုင်တပ်တွေဟာ မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုဆက်တိုက် အသုံးပြုလာခဲ့ကြပါ တယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ခုလိုမျိုးတိုက်ပွဲဖြစ်နေဆဲဖြစ်တဲ့ အနီးပတ်ဝန်းကျင်ရွာတွေမှာသွားလာတာ၊ အရင်ကတိုက်ပွဲဖြစ်ခဲ့ဖူးတဲ့နေရာတွေ၊ အများပြည်သူမသုံးတဲ့ လမ်းကြားကနေသွားတာလာတာမလုပ်ကြဖို့နဲ့ မိမိကိုယ်တိုင် မြေမြုပ်မိုင်း၊ ဒါမှမဟုတ် ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ ကြုံတွေ့လာပြီဆိုရင် တွေ့တဲ့ချိန် လမ်းလျှောက်နေတာကိုချက်ချင်း ရပ်ပါ၊ ပစ္စည်းနားကိုမကပ်ပါနဲ့ လုံးဝမထိပါနဲ့ အကွာအဝေးတစ်ခုမှာနေပြီး စိတ်တည်တည် ငြိမ်ငြိမ်နဲ့ သက်ဆိုင်သူတွေကို အကူညီတောင်းခံဖို့ လုပ်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် မြေမြှုပ်မိုင်းတွေဟာ မြေအောက်၊ အပေါ် ဒါမှမဟုတ် မြေပြင်အပေါ်ယံ ဒါမှမဟုတ် အခြားသောမျက်နှာပြင်အမျိုးမျိုးမှာ နေရာချ ပြီး လူ၊တိရစ္ဆာန်၊ သက်မဲ့ပစ္စည်းတွေတည်ရှိတာ၊ ထိတွေ့တာ၊ အနားကပ်တာနဲ့ပေါက်ကွဲစေဖို့ ထုတ်လုပ်ထားတဲ့ လက်နက်ခဲယမ်း တွေ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းတွေကတော့ လူသတ်နင်းမိုင်း၊ ယာဥ်ဖျက်မိုင်း၊ ထောင်ချောက်မိုင်း စတဲ့အမျိုးအစားတွေရှိပြီး ပုံစံမျိုးစုံ၊ အရွယ်အစား မျိုးစုံ အရောင်မျိုးစုံ ရှိသလို ပစ္စည်းအမျိုးမျိုးနဲ့ပြုလုပ်ထားတာကြောင့် လွယ်လွယ်မြင်နိုင်ဖို့ မှတ်မိသိရှိဖို့ ခက်ခဲပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြို့သိမ်းတိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူမြေမြုပ်မိုင်းအပါအဝင် တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ကြောင့် တကယ်တမ်းမြေပြင်မှာလည်း ထိခိုက်ခံစားမှုတွေဟာ မြင့်တက်လာတာကိုတွေ့ရတယ်လို့ စစ်ကိုင်းတိုင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းက မြေမြှုပ်မိုင်း နဲ့ အခြားပေါက်ကွဲတတ်တဲ့ပစ္စည်းတွေကြောင့် တိုက်ပွဲနဲ့ပါဝင်ပတ်သက်ခြင်းမရှိတဲ့ အရပ်သား၊ လူတန်းစားအမျိုးမျိုးနဲ့ အသက်အရွယ်မရွေး၊ လူတစ်ဦးချင်း၊ မိသားစု အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင် ပါတယ်။

Unicef ရဲ့ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ၄ နှစ်အတွင်းပြုစုထားတဲ့စာရင်းတွေအရ မြေမြှုပ်မိုင်းနဲ့ တခြား ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေအကြား သေဆုံးထိခိုက်မှုတွေကဆက်တိုက်မြင့်တက်လာနေတယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button