ကားမိုင်း – နန့်ယားလမ်းကို စစ်တပ်က ဆန်၊ ဆေးဝါးနဲ့ အမျိုးသမီလစဉ်သုံးပစ္စည်းတွေကို သယ်ယူခွင့်ကန့်သတ်ထား
ဖားကန့်မြို့နယ် ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကို စစ်တပ်က လမ်းပြန်ဖွင့်ပေးလိုက်ပေမယ့် ဆန်နဲ့ အခြား အခြေခံစားသောက်ကုန်တစ်ချို့ကန့်သတ်ချက်နဲ့သာသယ်ယူခွင့်ပြုထားတယ်လို့ သိရပါတယ်။
စစ်ရေးကြောင့် လေးလကျော်အကြာ နှစ်ဖက်တပ်ပိတ်ဆို့ထားတဲ့ ဖားကန့်လမ်းပိုင်းကို ဇူလိုင်လ ၃ ရက်နေ့ ပြန်ဖွင့်ပေးလိုက်ပေမယ့် ကုန်ပစ္စည်းအားလုံးကို သယ်ယူခွင့်မပေးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ဟုတ် နယ်၊လုံခွင့်ပြုချက် လက်မှတ် နဲ့မှ ခွင့်ပြုမယ်ဆိုပြီး တားမြစ်ထားတယ်တဲ့။ အခုချိန်အထိတော့ ဆန်ကားတွေဝင်တာ မတွေ့ရသေးဘူး။ ဆေးဝါးနဲ့ ကုလားပဲ ၊ အသားခြောက်တွေလည်း မသယ်ခိုင်းဘူး။ နောက်ပြီး အမျိုးသမီးလစဉ်တွေအထိ ပါတယ်လို့ကြားတယ်”လို့ပြောပါတယ်။
လက်ရှိမှာ ဖားကန့်ဒေသထဲကို စစ်တပ်က သယ်ယူခွင့်တားမြစ်ထားတဲ့ ဆန်၊ ဆေးဝါးပစ္စည်း၊ ကုလားပဲ၊ အသားခြောက်နဲ့ အမျိုးသမီးလစဉ်သုံးအထိ ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီကုန်ပစ္စည်းတွေကိုသယ်ယူနိုင်ဖို့အတွက် နယ်လုံရဲ့ လက်မှတ်ပါရှိမှသာ သယ်ယူခွင့်ပြုထားတယ်လို့ သိရပါတယ်။
လမ်းဖွင့်ပြီးနောက် ကုန်ကားတစ်ချို့ ဝင်ရောက်သွားပြီဖြစ်ပေမယ့် ကန့်သတ်ခံရတာကြောင့် ပြည်သူလူထုကြားမှာ ကုန်ပစ္စည်းလုံလောက်မှုမရှိဘဲ ပြတ်လပ်နေဆဲရှိနေသေးတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
“ကုန်စျေးနှုန်းတော့ မသိမသာလေး ပြန်ကျသွားတာတော့ရှိတယ်။ ဆီးကားနဲ့ ကုန်တင်တဲ့ ကားတွေလည်း ဝင်ရောက်နေတာတော့ တွေ့နေရပြီ။ ကုန်ကားတွေ ဆက်တိုက်ဝင်ပေမယ့် လမ်းပိတ်ထားတာက ၄ လလောက်ကြာသွားတော့ ကုန်ပစ္စည်းတွေက မလောက်ငှကြသေးဘူးဖြစ်နေတယ်။ ကုန်ပစ္စည်းတွေဝင်လာတာနဲ့ ဖားကန့် လုံးခင်းကြောမှာပဲ ပြန်ပြတ်ပြတ်သွားတာ။ ဆိုင်းတောင်တို့လို အထက်ပိုင်းဖြန့်ချနိုင်တဲ့ အခြေအနေမရှိသေးဘူး”လို့ပြောပါတယ်။
နှစ်ဖက်စစ်တပ်ရဲ့ ညှိနှိုင်းမှုကြောင့် လမ်းပိုင်းပြန်ဖွင့်လိုက်ပေမယ့် ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ သယ်ယူခွင့်ရနေတာကြောင့် ကုန်ပစ္စည်းမလုံလောက်တဲ့ ပြဿနာကို ကြုံတွေ့နေရသေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ဖားကန့်ဒေသထဲကို ကုန်စည်စီးဆင်းနိုင်တဲ့ ကားမိုင်း – နန့်ယားလမ်း၊ အင်းတော်ကြီး – ဂွေခါလမ်းပိုင်း လမ်းကြောင်း နှစ်ခုစလုံးကို ပြီးခဲ့တဲ့ ဧပြီလကတည်းကတိုက်ပွဲကြောင့် နှစ်တပ်အပြန်အလှန် ပိတ်ဆို့ခဲ့ကြတာဖြစ်ပါတယ်။
ကားမိုင်း – နန့်ယားလမ်းပိုင်းကို မအူပင်ကျေးရွာအထက် အွမ့်ကထောင်ကနေ နန့်ယားကျေးရွာအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ KIA ဘက်ကစပြီး လမ်းဖွင့်ပေးလိုက်ပါတယ်။
စစ်တပ်က ကားမိုင်း – မအူပင်အထိ နဲ့ နန့်တိန့်ကျေးရွာကနေ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံအထိ လမ်းပိုင်းတစ်လျှောက်ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဩဂုတ်လ ၃ ရက်နေ့မှ စစ်တပ်ဘက်က ပြန်လည် ဖွင့်ပေးလိုက်ရာ စစ်တပ်ရှိတဲ့ ဂိတ်နေရာတွေမှာ ကုန်စည်သယ်ယူခွင့် ကန့်သတ်ထားတာလည်းဖြစ်ပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ဧပြီလကတည်းက စစ်ကောင်စီတပ်တွေ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာကြောင့် တိုက်ပွဲဖြစ်နေတာ ၄ လခန့်ကြာမြင့် လာပြီလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



