ခရိုင်ညွှန်ကြားချက်နဲ့ ယာယီပိတ်သိမ်းခိုင်းတဲ့ KTV ၊အနှိပ်ခန်းတွေ အပြီးပိတ်သိမ်းသင့်ကြောင်း ဒေသခံတစ်ချို့ပြော
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊အင်းတော်မြို့နယ်မှာ ခရိုင်ညွှန်ကြားချက်နဲ့ယာယီပိတ်သိမ်းခိုင်းနေတဲ့ KTV နဲ့အနှိပ်ခန်းတွေ အပြီးပိတ်သိမ်းသင့်ကြောင်း ဒေသခံတစ်ချို့ KNG ကိုပြောပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့ကစတင်ပြီး အင်းတော်မြို့နယ်နဲ့ကပ်လျှက်မှာရှိတဲ့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲပြင်းထန်လာတဲ့နောက်ပိုင်းအခုလို KTV နဲ့အနှိပ်ခန်းတွေပိတ်သိမ်းဖို့ ကြေညာချက်တွေထွက်လာတာလို့ဒေသခံတွေဆီကသိရပါတယ်။
ဒါပေမဲ့ ဒေသခံတချို့ကတော့ KTV နဲ့အနှိပ်ခန်းတွေကို ယာယီပိတ်သမ်းဖို့ဆိုတာထက် အပြီးအပိုင်ပိတ်သိမ်းသင့်တယ်လို့ပြောပါတယ်။
“အင်းတော်မြို့သိမ်းတုန်းကဆို ရဲဘော်တွေကအရှေ့မှာတိုက်လို့ အဖွဲ့အစည်းအကြီးပိုင်းတွေက KTVတွေမှာကြီးဘဲ။ ဒီကာလကြီးမှာ ဘယ်ပြည်သူမှမလာနိုင်ဘူး။ အဖွဲ့အစည်းတွေကဘဲ။အခုပိတ်ခိုင်းတာကတော့စစ်ရေးအရလို့ ပြောတာပဲ ” လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
အင်းတော်မြို့နယ်မှာ KTV နှစ်ခုရှိပြီး ပင့်တင်ကျေးရွာက အဖွဲ့အစည်းတချို့နဲ့လုပ်ငန်းရှင်တွေပေါင်းဖွင့်ထားတဲ့ မိဘမေတ္တာKTV နဲ့အောင်ကမ္ဘာသိမ်း အမည်ရှိတဲ့ KTV တွေရှိတယ်လို့သိရပါတယ်။
ဒါ့အပြင် အခွန်ဂိတ်ထိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်း အခွန်ကောက်ပြီးရင် KTV တွေမှာပဲရှိနေတတ်တာကြောင့် ဒေသခံတွေကတော့ KTV တွေကိုယာယီပိတ်သိမ်းခိုင်းတာထက် အပြီးအပိုင်ပိတ်သိမ်းတာကိုလိုလားနေကြတာဖြစ်ပါတယ်။
တစ်ဖက်မှာ အင်းတော်မြို့နယ်အတွင်းရှိတဲ့ KTV တွေမှာ မူးယစ်ဆေးဝါးတချို့လည်းရရှိနေပြီး အခုလိုတော်လှန်ရေးကာလအတွင်းတော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့နယ်မြေအတွင်းမှာ KTV တွေရှိနေတာဟာ တော်လှန်ရေးအတွက်ထိခိုက်စေတယ် လို့ အထက်ပါအမျိုးသားကဆက်ပြောပါတယ်။
“KTV ကလေ များသောအားဖြင့် ပြည်သူတွေကမသွားနိုင်ဘူး။ အဖွဲ့အစည်းတွေကပဲသွားကြတာ။ များသောအားဖြင့် နေ့ဘက်ထက် ညပဲသွားကြတာ။ ပြည်သူတွေက ညထွက်လည်းမထွက်ရဲဘူး ထွက်ခွင့်လည်းမရှိဘူး။ အဖွဲ့အစည်းတွေပဲသွားနေကြတာဆိုတော့ ပြည်သူတွေကလှူလည်းမလှူချင်ကြတော့ဘူး။ မဲကမ်ပိန်းတွေကအစ မဝယ်ချင်ကြတော့ဘူး။ အဲ့လိုဆိုတော့ တော်လှန်ရေးအတွက်တော်တော်ထိခိုက်ပါတယ်”လို့ပြောပါတယ်။
အင်းတော်မြို့နယ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာစစ်ကောင်စီလက်ထဲကနေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အင်းတော်မြို့သိမ်းယူဖို့အတွက် တိုက်ပွဲကြာချိန် ၈ လကြာမြင့်ခဲ့တာဖြစ်ပါတယ်။
အင်းတော်မြို့ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်မှာရှိတဲ့မြို့ဖြစ်တဲ့အပြင် မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းမကြီးပေါ်မှာတည်ရှိတဲ့မြို့ဖြစ်တာကြောင့် စစ်ရေးအရဗျူဟာကျတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
လက်ရှိအင်းတော်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF၊ ပကဖ၊ ပအဖ၊ ပလဖ စတဲ့အဖွဲ့အစည်းအစုံ နေရာယူအုပ်ချုပ်လျှက်ရှိတယ်လို့သိရပါတယ်။
By – အမိုး



