ပူတာအို တောင်ပြိုမှုမှာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် မန်စေခွန်ကျေးမှာ မြေပြိုမှုဖြစ်ခဲ့တဲ့ ဖြစ်စဥ်မှာ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံများမှ သိရပါတယ်။
စက်တင်ဘာလ ပထမအပတ်ကစပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပူတာအိုမြို့နဲ့ အနောက်ဘက် မြို့နဲ့ ၁၅ မိုင်နီးပါးဝေးလံတဲ့ မန်စေခွန် ကျေးရွာအုပ်စုထဲမှာ တောင်ပြိုမှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီမြေပြိုမှုမှာ ပြည်သူတစ်ဦးသေဆုံးပြီး နောက်ထပ်တစ်ဦးက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံအမျိိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“မန်စေခွန်ကတော့မဟုတ်ဘူးတခြားရွာက ဒီဘက်ကိုတောကောင်လာရှာကြတာနှစ်ယောက်လာတာ အခုနှစ်ယောက်ထဲက တစ်ယောက်ပဲအလောင်းတွေ့တယ်။ တစ်ယောက်က မတွေ့သေးဘူးပြန်လည်းမလာဘူး”လို့ အသက် ၄၀ ကျော်အရွယ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
သေဆုံးသူဟာ ဝါးဆာကျေးရွာနေ အသက် ၆၀ ကျော်အရွယ် ဦးဂျေယော်ဒါဆိုသူဖြစ်ပြီး ရုပ်အလောင်းကိုတော့ စက်တင်ဘာလ ၂၁ ရက်နေ့ မန်စေခွန်ကျေးရွာအနီးက ရေချောင်းဘေးမှာတွေ့တာလို့သိရပါတယ်။
“ချောင်းကမ်းဘေးမှာတွေ့တာအလောင်းက သူနဲ့အတူပါသွားတဲ့တစ်ယောက်တော့မတွေ့သေးဘူး”လို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။
အလားတူ စက်တင်ဘာ ၁၆ ရက်နေ့ကတောင်ကျချောင်းရေတွေကြောင့် ဖြစ်သွားတဲ့မြေပြိုမှုဖြစ်စဥ်မှာ မန်စေခွန်၊ စထီလော့ (၁)၊ စထီလော့ (၂)၊ နမ်ဖန်၊တထိန်ဒမ်းစတဲ့ရွာခံတွေရဲ့ လယ်စပါးခင်း ဧက ၁၀၀ ကျော်ပျက်စီးခဲ့ကြောင်းလည်းသိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပူတာအိုမြို့အနောက်ဘက် အထက်ဆန်ကောင်ဘက်မှာ ပါတိတ်ချောင်းရေကြီးမှုကြောင့် တံတားငယ်တွေပျက်စီးတာ၊လူနေအိမ်ခြံဝင်းတွေရေတိုက်စားတာ စတဲ့ပျက်စီးဆုံးရှူံးမှုတွေဖြစ်ခဲ့ပါတယ်။
By – Zaw Zaw



