မြန်မာ့ဂုဏ်ဆောင် ကချင်ဖိုက်တာအောင်လအင်ဆန် နောက်ဆုံးနှုတ်ဆက်ပွဲ မနက်ဖြန်ထိုးသတ်မယ်
မြန်မာ့စပါးအုံးလို့ နာမည်ကျော်တဲ့ MMA ဖိုက်တာ အောင်လအင်ဆန်ဟာ သူ့ရဲ့ဖိုက်တာဘဝ နောက်ဆုံးပွဲအဖြစ် မနက်ဖြန် မြန်မာ စံတော်ချိန် မနက်ပိုင်း ၉ နာရီလောက်မှာဘဲ ထိုးသတ်သွားဖို့ရှိနေပါတယ်။
One Fight Night 37 ပြိုင်ပွဲရဲ့ ဒုခေါင်ပွဲအဖြစ် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ထိုးသတ်သွားကြမှာဖြစ်ပြီး ပြိုင်ဘက်ကတော့ အသက် ၃၄ နှစ်အရွယ် ဆွီဒင်နိုင်ငံသား ကာဒတ်စတမ်ဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင် Hydration Test မအောင်မြင်လို့ ပြိုင်ဘက်ကိုထိုးကြေးခွဲပေးထားတဲ့အောင်လဟာ ဒီပွဲစဥ်မှာတော့ Hydration Test ကို 1.0049 နဲ့ အောင်မြင်သွားခဲ့ပြီး ဝိတ်ကို ၂၀၃ ပေါင်နဲ့ သတ်မှတ်ဘောင်ထဲ ဝင်သွားခဲ့ပြီးဖြစ်ပါတယ်။
ပြိုင်ဘက်ကစားသမားကာဒတ်စတမ်ကလည်း Hydration Test ကို 1.0049၊ ဝိတ်ကို ၂၀၂ ပေါင်နဲ့ အောင်မြင်သွားခဲ့ပြီး ဖြစ်ပါ တယ်။
ကာဒတ်စတမ်ဟာ ဝယ်သာဝိတ်ကမ္ဘာ့ချန်ပီယံဟောင်း တစ်ယောက်ဖြစ်သလို One Championship မှာ ၁၁ ပွဲကစား ၇ပွဲနိုင် ၄ ပွဲရှုံးရလဒ်ရရှိထားပါတယ်။
အသက် ၄၀ ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့အကျော်အမော်အောင်လအင်ဆန်ကတော့ One Championship မှာ ၁၉ ပွဲကစားပြီး ၁၄ ပွဲ အထိအနိုင်ယူ ထားပါတယ်။
ဒီပွဲစဥ်ဟာ အောင်လအင်ဆန်အတွက် MMA ပရော်ဖက်ရှင်နယ်ကစားသမားဘဝ နောက်ဆုံးနှုတ်ဆက်ပွဲ ဖြစ်တာကြောင့် ပရိတ်သတ်တွေအားလုံးနဲ့ဆုံခွင့်ရချင်တယ်လို့ အောင်လအင်ဆန်ကပြောထားပါတယ်။
By – အမိုး



