MMA ကစားသမားဘဝကို အနိုင်နဲ့ အဆုံးသတ်သွားတဲ့ အောင်လအင်ဆန် (Aung La N’sang)
MMA သိုင်းပေါင်းစုံ ချန်ပီယံဆိုပြီး နာမည်ကြီးတဲ့ အားကစားဖိုက်တာ ကချင်တိုင်းရင်းသား အောင်လအင်ဆန်ဟာ နောက်ဆုံးပွဲအဖြစ် ထိုးသတ်တဲ့ပွဲမှာ ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန် ကာဒက်စတမ်ကို အနိုင်ရရှိခဲ့ပြီး ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လူပီနီအားကစားကွင်း (Lumpinee Stadium) ၊ One Fight Night: 36 ခေါင်းစဉ်ဖြင့် ကျင်းပခဲ့တဲ့ ထိုးသတ်ပွဲမှာ အောင်အင်ဆန်က ပြိုင်ဘက်ဖြစ်တဲ့ ဆွီဒင်နိုင်ငံသားကို ဒုတိယအချီ ၂ မိနစ် အတွင်းမှာပဲ မျက်နှာကို အချက်ပေါင်းများစွာနဲ့ ထိုးသတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီအနိုင်ရရှိမှုဟာ အောင်လအင်ဆန်အတွက် နောက်ဆုံးကစားပွဲလည်းဖြစ်ခဲ့သလို အောင်လနဲ့ မြန်မာပြည်သူတွေအတွက်ပါ ဆန္ဒပြည့်ဝစေခဲ့ပါတယ်။
အနိုင်ရရှိတဲ့အတွက်လည်း One Championship ကနေ ဆုငွေဒေါ်လာ ၅ သောင်း ဘောနပ်ချီးမြင့်ခဲ့ပါတယ်။

MMA ကစားသမားသက်တမ်း နှစ်ပေါင်း ၂၀ ရှိပြီဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ်ရှိသူ အောင်လအင်ဆန်ဟာ နောက်ဆုံးထိုးသတ်ပွဲအထိ One Championship ပွဲစဉ် ၂၀ ကျော်ကစားခဲ့ပြီး ၁၅ ပွဲခန့် အနိုင်ရရှိခဲ့ပါတယ်။
One Championship မှာ ပြီးခဲ့တဲ့ ၂၀၁၅ ကတည်းက MMA ကလပ်အသင်းမှာ ဝင်ရောက်ကစားနေခဲ့ပြီးနောက် ၂၀၁၆ မှာ ပွဲစဉ် ၃ ခုဆက်တိုက်အနိုင်ရရှိခဲ့ပြီးနောက် မြန်မာပြည်သူတွေရဲ့ တခဲနက်အားပေးမှုရရှိခဲ့ပါတယ်။
အောင်လအင်ဆန်ဟာ One Championship MMA သိုင်းပေါင်းစုံထိုးသတ်ပွဲမှာ ၂၀၁၇ နဲ့ ၂၀၁၈ မှာ လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် ဝိတ်တန်းနှစ်ခုရဲ့ ရွှေခါးပတ်ကို ရရှိခဲ့ပါတယ်။
ဒါပေမယ့် အဲဒီဝိတ်တန်းနှစ်ခုကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ကျင်ပတဲ့ ပြိုင်ပွဲတွေမှာ ပြန်ပြီး ဆုံးရှုံးလိုက်ရပါတယ်။
ရွှေခါးပတ်ရပြီးနောက် ၂၀၁၈ ခုနှစ်မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ အောင်လရဲ့ ပုံတူကြေးရုပ်ထု ထားရှိခဲ့တဲ့အထိ ကချင်ပြည်သူလူထုကြားမှာ ကမ္ဘာကသိပြီး တန်ဖိုးထား လေးစားအားကျရတဲ့ ပထမဆုံးကစားသမားတစ်ဦးအဖြစ် အသိမှတ်ပြုခံခဲ့ရပါတယ်။

အောင်လအင်ဆန်ကို အားကျအတုယူရတဲ့ လူငယ်တစ်ချို့လည်း ပြည်တွင်း ပြည်ပနိုင်ငံအသီးသီးမှာ ပေါ်ထွက်လာခဲ့တာကိုလည်းမြင်တွေ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၈ မတ်လထဲမှာပဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC (၃၈) ကြိမ်မြောက်လူထုအစည်းအဝေးမှာ KBC ရဲ့ဖိတ်ကြားမှုနဲ့ ကချင်ပြည်သူတွေနဲ့ တွေ့ဆုံပြီး ဂုဏ်ပြုအခမ်းအနားပြုလုပ်ခဲ့ပါသေးတယ်။
အခုလို ဝိတ်တန်းနှစ်ခုကို လက်လွတ်လိုက်ရပေမယ့် မြန်မာပြည်သူတွေကြားမှာ အားပေးမှုမလျှော့ဘဲ ယခုနောက်ပွဲစဉ်အထိ အားပေးမှုရရှိခဲ့သလို ပြိုင်ပွဲကနေ ရပ်နားသွားပေမယ့် ရင်ထဲမှာ ထာဝရအမြဲတမ်းရှိနေမှာဖြစ်တယ်လို့ အားပေးနေတဲ့ ပရိတ်သတ်တွေကပြောဆိုနေကြပါတယ်။
အောင်လအင်ဆန်ရဲ့ MMA ထိုးသတ်တဲ့ ကစားသမားဘဝကို မြန်မာပြည်သူလူထုတွေနဲ့အတူ နှုတ်ဆက်ခဲ့ချင်ပေမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့ တိုင်းပြည်အခြေအနေကြောင့် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ မြန်မာပရိတ်သတ်တစ်ချို့နဲ့ နှုတ်ဆက်လိုက်ရတယ်လို့ BBC သတင်းဌာနကို ဖြေဆိုထားတာကိုတွေ့ရပါတယ်။
မြန်မာစပါးအုံးဆိုပြီး နားမည်ကြီးတဲ့ အောင်လအင်ဆန် ကစားသမားဘဝနဲ့ နှုတ်ဆက်လိုက်ကြောင်း ပြောဆိုလိုက်တဲ့အပေါ်မှာလည်း မြန်မာပြည်သူတွေ စိတ်မကောင်းဖြစ်နေကြတာကိုလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြနေတာကို မြင်တွေ့ရပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



