မြစ်ကြီးနားမြို့က တောင်းရမ်းတဲ့ကလေးငယ်တွေ အနိုင်ကျင့်ခံရတာတွေရှိနေ
၁၀ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေ ရိုက်နှက်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာ တောင်းရမ်းတဲ့ကလေးတွေ အနိုင်ကျင့်ခံရတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့နေပြည်သူတွေ ပြောပါတယ်။
တောင်းရမ်းတဲ့ကလေးတွေဟာ အသက်အငယ်ဆုံး ၂ နှစ်ကနေ အသက်အကြီးဆုံး ၁၀ နှစ်ပတ်ချာလည်အရွယ်ထိရှိကြပြီး မြစ်ဘေးကန်ဘောင်၊ ပန်းခြံ၊ လပ်ကီးကိတ်မုန့်ဆိုင်၊ မီးပွိုင့်၊ မိန်းလမ်းနဲ့ ဈေးတွေမှာ အများဆုံးတွေ့ရတာဘဲ ဖြစ်ပါတယ်။
ဒီထဲမှာ အသက် ၁၀ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေကို အုပ်ထိန်းသူလို့ယူဆရတဲ့သူတွေကနေပြီး ရိုက်နှက်တာ၊ တောင်းလာတဲ့ ပိုက်ဆံတွေ လုယူတာတွေကိုပါ တွေ့ရတယ်လို့ ဆိုပါတယ်။
“ကလေးတွေကိုလူစည်းကားတဲ့နေရာတို့ညစျေးတန်းလိုမျိူးနေရာတွေမာ အုပ်စုလိုက်အဖွဲ့ခွဲပြီး တောင်းခိုင်းတာပေါ့။ ကလေးတစ်ယောက်ကိုတစ်ညကိုဘယ်လောက်တောင်းပေးရမယ်ဆိုပြီး ပြောထားပြီး တောင်းခိုင်းတာပေါ့ မရရင်ရိုက်တယ်ဆိုတာ ကလေးတွေကိုယ်တိုင်ပြောတယ်”လို့ မြစ်ကြီးနားဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မိန်းကလေးငယ်တွေဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်၀န်ဆောင်ကလေးမွေးနေရပြီး ကလေးတစ်ဖက်နဲ့ လိုက်တောင်းရမ်းနေရတယ်လို့ သိရပါတယ်။

တောင်းရမ်းတဲ့ကလေးတွေကို တစ်ချို့က မိဘတွေကိုယ်တိုင် တောင်းခိုင်းတာရှိသလို တစ်ချို့ကလေးတွေဟာ လူတစ်စုက နောက်ကွယ်ကနေထိန်းချုပ်ပြီးအုပ်စုဖွဲ့တောင်းခိုင်းတာတွေရှိတယ်လို့ သိရပါတယ်။
အုပ်စုဖွဲ့တောင်းစားတဲ့ ကလေးတွေမှာ အဖွဲ့တစ်ဖွဲ့မှာ ၈ ဦးအနည်းဆုံးပါဝင်ပြီး ဆိုက်တွဲ(ဆိုင်ကယ်ကို ဆိုက်ကားပုံစံမျိုးပြုလုပ်ထားတဲ့ယာဉ်တစ်မျိုး)တွေနဲ့ တင်လာပြီးရေစင်ဈေးအနီးဝန်းကျင်မနက်ပိုင်းလာချသွားပြီး ညနေပိုင်းမှာ ပြန်လာကြိုတာမျိုးရှိတယ်လို့ သိရပါတယ်။
ခုလို အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ် အနိုင်ကျင့်ပြီး ခိုင်းစေတာဟာ ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်ပြီး ကလေးသူငယ်တစ်ဦးအနေနဲ့ ရသင့်ရထိုက်တဲ့ ပညာသင်ကြားခွင့်၊ ငြိမ်းချမ်းစွာနေထိုင်ခွင့်နဲ့ အကြမ်းဖက် အနိုင်ကျင့်မှုတွေကနေ ကာကွယ်မှုတွေ ပျောက်ဆုံးနေတာဖြစ်တယ်လို့ Equality Myanmar (EQMM )အဖွဲ့ရဲ့ Director ဖြစ်သူ ဆရာ Seing Hlaing က ခုလို သုံးသပ်ပြောဆိုပါတယ်။
“မိဘတွေ အုပ်ထိန်းသူတွေမှာ တာဝန်ရှိသလို တစ်ပြိုင်နက်တည်းမှာလည်း အဲဒီဒေသကို အုပ်ချုပ်နေတဲ့ အုပ်ချုပ်သူတွေမှာလည်း တာဝန်အများကြီး ရှိတယ်။ ဒါတွေက စည်ပင်သာယာကနေဖမ်းခေါ် တခြားနေရာကိုမောင်းထုတ် တာတွေနဲ့တင် ပြီး သွားမယ့် ကိစ္စမဟုတ်ဘူး။ အဲတာတွေ လုပ်တာက ဘာမှ အကျိုးမရှိသလို ကလေးတွေကို ပိုပြီးတော့ အန္တရာယ်များစေတယ်။ ဒါတွေကို မူလဇစ်မြစ် အကြောင်းရင်းတွေကို ဖြေရှင်းဖို့လိုတယ်”လို့ဆိုပါတယ်။
ကလေးတွေအနေနဲ့ ပညာသင်ကြားခွင့် ရှုံးဆုံးသွားတဲ့အခါ ကလေးငယ်တွေဟာ စာသင်ခန်းနဲ့ ဝေးတဲ့တခြားနေရာတွေကို ရောက်ရှိသွားကြပြီး ခုလို တောင်းရမ်းတဲ့ကလေးတွေ ပိုမို များပြားလာတာလို့ ဆက်ပြောပါတယ်။
လတ်တလော နိုင်ငံရေး အခြေအနေအရ တောင်းရမ်းတဲ့ကလေးသူငယ်တွေကို ပပျောက်အောင် လုပ်ဆောင်နိုင်ဖို့က အကန့်အသတ်တွေ ရှိပေမယ့်လည်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မိဘပြည်သူတွေကနေ အသိပညာပေးတာတွေ ပြုလုပ်တာ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ကလေးတွေကို ကျောင်းပတ်ဝန်းကျင် ကို ပြန်လည် ခေါ်ဆောင်တာမျိုး လုပ်ဆောင်နိုင်ပါက တောင်းရမ်းတဲ့ကလေးတွေလျော့နည်းလာမှာ ဖြစ်တယ်လို့ အကြံပြုထားပါတယ်။
မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနဲ့ လက်ရှိအလုပ်သမားဥပဒေအရ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံး အသက်အရွယ်မှာ အသက် ၁၄ နှစ်ဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးအလုပ်သမားတွေကို အန္တရာယ်ရှိတဲ့ အလုပ်အကိုင်တွေ လုပ်ကိုင်ခြင်းမှ တားမြစ်ထားတာ ဖြစ်တယ်လို့ UNICEF Myanmarရဲ့ ၂၀၂၀ ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကလေးအလုပ်သမားများ အမြစ်ပြတ်ပပျောက်ရေးအတွက် နိုင်ငံအဆင့်ပေါ်လစီများ ချမှတ်ရမယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ၂၀၂၀ ခုနှစ် ဇွန်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ပြဌာန်းချက်သဘောတူလက်မှတ်ရေးထိုးတဲ့ ၁၇၈ မြောက်နိုင်ငံဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံအစိုးရအနေနဲ့ကတော့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ပြဌာန်းချက်တွေကို သေချာ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ဘူးလို့ ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမ ဆန်ထွယ် San Htoi ကပြောပါတယ်။
လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို အလုပ်စေခိုင်းခြင်းတွေ မပြုဘဲ ပညာသင်အရွယ်ကလေးသူငယ်တွေရဲ့ အခွင့်အရေးကိုလည်း လေးစားလိုက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
UNICEF ၂၀၂၅ ဇွန်လ ၁၁ ရက်ထုတ်ပြန်ချက်မှာ ကမ္ဘာတစ်ဝန်း ကလေးလုပ်သား ၁၇၆.၆ သန်းထိရှိနေပြီး အဲဒီထဲက ၅၄သန်းကတော့ အန္တာရယ်များတဲ့ အလုပ်ခွင်တွေမှာ ရောက်ရှိနေကြတယ်လို့ ဖော်ပြထားပါတယ်။
By – Hope



