တိုင်းရင်းသားဒေသက ရိုးရာဆေးကုနည်းရဲ့နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ
ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ လက်ရှိချိန်ထိ နာမကျန်းဖျားနာတဲ့အခါ မိရိုးဖလာ ရိုးရာဆေးကုသနည်းတွေကို အသုံးပြုနေဆဲ ဖြစ်ပါတယ်။
ဒီဆေးကုသနည်းတွေက မက်ခလောခြစ်တာ၊အပ်နဲ့သွေးဖောက်တာ၊ တောတောင်တွေမှာတွေ့တဲ့ သစ်ဖုသစ်ဥ ဆေးရွက်စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ဆေးမြီတိုသဘောနဲ့ ဆေးကုသတာတွေ ဖြစ်ပါတယ်။
အဲဒီဆေးကုသမှုတွေထဲက မက်ခလောင်ခြစ်တာနဲ့ အပ်စိုက်ကုသတာတွေဟာ သာမန်အဖျားတက်ပြီး ဖျားနာတာတွေ ၊ မူးဝေခေါင်းကိုက်တာတွေ၊ ညောင်းကိုက်တာတွေကို ပျောက်ကင်းစေတယ်လို့ ယုံကြည်ထားကြပြီး သစ်ဖုသစ်ဥ ဆေးရွက်တွေနဲ့ ပြုလုပ်ထားတဲ့ တောင်ပေါ်ဆေးတွေကို အသုံးပြုတာက ၉၆ပါးသော ရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်လို့ ယူဆထားကြပါတယ်။
ဒါပေမယ့်လည်း အဲဒီရိုးရာဆေးကုသမှုတွေနဲ့ ရိုးရာဆေးဝါးတွေကို ဆေးသိပ္ပံအရကြည့်ရင် သေချာ သုတေသနပြုလုပ်ထားခြင်းလဲမရှိသလို ထောက်ခံအသိအမှတ်ပြုထားခြင်းလည်း မရှိဘူးလို့ စစ်ဒေသ(၁ ) တိုက်ခိုက်ရေးနှင့် ကယ်ဆယ်ကုသရေး ဆေးတပ်ဖွဲရဲ့ ဆေးတပ်ဖွဲ့မူးဖြစ်တဲ့ ဒေါက်တာ Jacobက ခုလိုပြောပါတယ်။
“ကျွန်တော်တို့ အများစု ခေတ်မှီဆေးပညာကို လုပ်ကြတဲ့သူတွေကတော့ မက်ခလောင်ခြစ်တာကို ဘယ်လိုမြင်လဲဆိုတော့ ဒီခံစားနေရတဲ့အပေါ်မှာ အဲထက်ကြီးတဲ့ နာကျင်မှုတစ်ခု လုပ်လိုက်တဲ့အချိန်မှာ လက်ရှိခံစားနေရတဲ့ဝေသနာဟာ သက်သာသလို ခံစားသွားစေတယ်။ အဲလိုမျိုးဘဲ မြင်တယ်ခင်ဗျ”လို့ဆိုပါတယ်။
မောင်ခလောင်ခြစ်တာဟာ ဆိုးဝါးလှတဲ့ ကုသနည်းတော့ မဟုတ်ပေမယ့်လည်း ကောင်းကျိုးထက် ဆိုးကျိုးတွေက ပိုများနိုင်တယ်လို့ ပြောပါတယ်။
ဥပမာ – မက်ခလောင်ခြစ်တာဟာ ခန္ဓာကိုယ်ကို အလွန်နာကျင်စေတဲ့အရာ ဖြစ်တဲ့အတွက် နှလုံးရောဂါရှိတဲ့သူတွေဆိုရင် အမောစို့ပြီး သေဆုံးသွားနိုင်လောက်ထိ ဖြစ်စေနိုင်သလို သုံးတဲ့ပစ္စည်းမသန့်တဲ့အခါ အရေပြားရောဂါနဲ့ တခြားကူးစက်ရောဂါတွေ ဖြစ်တဲ့ အေအိုင်ဒီအက်စ်၊ အသဲရောင်အသားဝါ B,Cပိုး နဲ့ မေခိုင်ပိုးဝင်ပြီး တစ်လအတွင်း သေဆုံးနိုင်တဲ့အထိ ဖြစ်တယ်လို့ သိရပါတယ်။
မက်ခလောင်ခြစ်တဲ့ ကုသနည်းလိုဘဲ အပ်နဲ့ သွေးဖောက်တာတွေ အပ်စိုက်ကုသတာတွေက သွေးကျစေပြီး မေးခိုင်ရောဂါနဲ့ ကာလသားရောဂါ၊ အေအိုင်ဒီအက်စ်နဲ့ တခြား ကူးစက်ရောဂါတွေကိုပါ ဖြစ်စေနိုင်တာဘဲ ဖြစ်ပါတယ်။
ဒါ့အပြင် တောတောင်တွေမှာ တွေ့တဲ သစ်ဥ၊သစ်ဖုတွေ ဆေးရွက်တွေကို သေချာမကျွမ်းကျင်ဘဲ ရောစပ်သောက်သုံးမိပါက အစာအိမ်အနာပေါက်တာ၊ အစာအိမ်ကတစ်ဆင့် အသဲကို ရောက်သွားပြီး အသဲက အဲဒီဆေးရည်တွေကို သေချာမစစ်ထုတ်နိုင်တဲ့အခါ အဆိပ်ရည်အဖြစ် ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့သွားပါက ခန္ဓာကိုယ်ရဲ့ မရှိမဖြစ် အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ကျောက်ကပ်ကို ပျက်စီးစေပြီး အရေးပြားရောဂါနဲ့ အသဲရောဂါတွေပါ ဖြစ်စေတယ်လို့ ဒေါက်တာက ဆက်ပြော ပါတယ်။
ဖျားနာပြီး နေမကောင်းဖြစ်တဲ့အခါ ဆေးရုံ ဆေးခန်းတွေသွားပြီး ဆေးပညာကို တတ်ကျွမ်းတဲ့ ဆေးဆရာဝန်တွေဆီ သွားရောက်ပြသ ကုသကြရပေမယ့်လည်း တချို့ဝေးလံခေါင်ပါးတဲ့ နေရာဒေသတွေမှာတော့ ဆေးရုံဆေးခန်းတွေ သိပ်မရှိတဲ့အတွက် ဆရာဝန်တွေနဲ့ ဆေးကုသမှုတွေ မပြုလုပ်နိုင်တဲ့အခါ မိရိုးဖလာ အိမ်တွင်းဆေးကုသနည်းတွေ၊ ရိုးရာဆေးကုသနည်းတွေကို အသုံးပြုပြီး ရောဂါတွေကို ကုသလေ့ရှိပါတယ်။
ဒါ့အပြင် အဲဒီ ဆေးကုသမှုတွေဟာ တကယ်တမ်းလူတွေကို အကျိုးပြုတဲ့ ဆေးကုသမှုတွေ ဟုတ်နေရဲ့လား? ဒါမှမဟုတ် လူတွေရဲ့ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲဆိုတာတွေကို လူထုကတော့ သေချာတတ်သိ နားလည်ခြင်းမရှိနေပါဘူး။
ဒါကြောင့် ကျွမ်းကျင်တဲ့ ရိုးရာဆေးကုသနည်းကို သိရှိသူတွေနဲ့ သိပ္ပံနည်းကျ ကုသတဲ့ ဆရာဝန်တွေဆီမှာသာ သေချာ ဆွေးနွေးတိုင်ပင် ကုသသင့်တယ်လို့ ဒေါက်တာ Jacobက ခုလို ပြန်လည် ရှင်းပြပါတယ်။
“ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာ ကျွန်တော်တို့ ခံစားနေရတာတွေက နည်းနည်း အတွင်းထဲမှာ ဘာတွေဖြစ်နေလဲ ဘယ်လိုဆရာဝန်တွေနဲ့ ညှိနှိုင်းရမလဲ။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်သူတွေရဲ့ စောင့်ရှောက်မှုတွေ ရဖို့ဆိုရင် ဒါတွေက လိုအပ်ပါတယ်”
လွဲမှားတဲ့ ရိုးရာဆေး ကုသမှုတွေကို အသုံးပြုခြင်းခြင်းကြောင့် ကင်ဆာကိုဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေဖြစ်တဲ့ သစ်ဥသစ်ဖုတွေကို အသုံးပြုမိပြီး ရောဂါကျွမ်းတဲ့အချိန်မှ သိရှိလိုက်ရတဲ့အတွက် ကျောက်ကပ်၊ အသဲ၊ အဆုပ်၊ အာရုံကြော စတဲ့ အရာတွေကို ထိခိုက်ပျက်စီးစေနိုင်သလို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုလည်း ကိုယ်ဝန်ပျက်ကျ သွားစေတဲ့အထိ ဖြစ်သွားစေတာဘဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီလို ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကျန်းမာရေးအဖွဲ့ဌာန၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကနေပြီးတော့ ဆေးရောင်းဝယ်မှုတွေကို သေချာထိန်းချုပ်ပြီး အသိပညာပေးတာတွေကို လုပ်ဆောင်သင့်တာဘဲ ဖြစ်ပါတယ်။
“အဓိက အဲလိုမျိုးမဖြစ်အောင် ဆိုလို့ရှိရင် ဒီကျေးရွာတွေထဲမှာ အစိုးရကနေ သေချာသင်ပေးထားတဲ့ ကျန်းမာရေးဝန်ထမ်း ရှိနေရမှာပေါ့။ ကျန်းမာရေးဝန်ထမ်းဆီရောက်နိုင်အောင်လည်း အစိုးကနေ လမ်းကြောင်းပေးရမှာပေါ့။ အဓိကကတော့ ကိုယ့်ဟာကိုယ်ဆေးသောက်တာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဆေးကုသနည်း။ ကျန်းမာရေး ဂရုစိုက် ဖြစ်လာလို့ရှိရင် နီးစပ်ရာ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းဆီသွား အဲတာ အကောင်းဆုံးပါဘဲ” လို့ ဒေါက်တာက ဆက်ဆိုပါတယ်။
ကျန်းမာရေး ကောင်းမွန်ဖို့ ဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်တွေ များများစားပြီး အစားအသောက်တွေ ဆင်ခြင်ရမှာ ဖြစ်သလို ကိုယ်ကာယ ကောင်းမွန်ဖို့လည်း ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုတယ်လို့ အကြုံပြုပါတယ်။
ကမ္ဘာပေါ်မှာ တရုတ်၊ ကိုးရီးယာ၊ ဂျာမနီ စတဲ့ နိုင်ငံတွေမှာ အစိုးရကနေတွေ ကိုယ်တိုင်ကနေပြီးတော့ ရိုးရာဆေးကုသမှုတွေနဲ့ ပက်သက်ပြီး သေချာ သုတေသနပြု ကြပ်မတ်လုပ်ဆောင်မှုတွေ ရှိတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနတွေက ထောက်ခံချက်ရရှိထားတဲ့အပြင် ကမ္ဘာတစ်ဝှမ်းမှာလည်း သူတို့ရဲ့ ရိုးရာဆေးကုသမှုတွေဟာ နာမည်ကျော်ကြားနေတာ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံအနေနဲ့လည်း ခုလိုတွေ ဖြစ်လာဖို့ အစိုးရကောင်းလည်း လိုအပ်သလို ကျန်းမာရေး ကုသမှုကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေကနေပြီးတော့ ရိုးရာဆေးကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အသုံးဝင်ပုံတွေကို သေချာ စနစ်တကျ သုတေတနပြုလုပ်နိုင်ပါက မက်ခလောင်ခြစ်တဲ့နည်းလမ်းတွေအပြင် တခြား မြန်မာ့ရိုးရာဆေးကုသမှုတွေက ဖျားနာတဲ့ လူတွေအတွက် တကယ်ကို အသုံးဝင်တဲ့ ကမ္ဘာကျော်တဲ့ ဆေးကုသနည်းတွေ ဖြစ်လာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
By – Hope



