စစ်ကောင်စီတပ်က အောက်တိုဘာလကုန်ပိုင်းကစပြီး ပူတာအိုမြို့ အရှေ့ဘက် မချမ်းဘော့၊ ထန်ဂါးဘက်နဲ့ မြို့ရဲ့ တောင်ဘက် ပူတာအို–မြစ်ကြီးနားလမ်းပိုင်းရှိ ဆွမ်ပီယန်၊ တန်ဂျာဘက်ကို စစ်ရေးလုပ်ရှားမူတွေ ခပ်စိပ်စိပ် ပြုလုပ်လာနေကြောင်း သိရပါတယ်။
“အင်အားသွားဖြည့်တဲ့ပုံစံတော့ မဟုတ်ဘူးဗျ သူတို့မနက်သွားညပြန်ပုံစံလုပ်ရှားနေတာ မနက်မနက်ဆိုရင် ကားအပြည့် အပြည့်သွားတယ် တန်ဂျာဘက်၊ မချမ်းဘော့ဘက်တွေသွားတယ်။ ညပိုင်းဆိုပြန်ပြန်လာကြတယ် သူတို့စစ်ကြောင်းနဲ့ ကင်းပတ်တဲ့ပုံစံပဲ အဆင့်သင်ပြင်ဆင်ပြီးနေကြတာ ဘာသတင်းတွေကြားလို့လဲတော့ မသိဘူး”လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
ပူတာအို ခလရ ၄၆ အထိုင်တပ်ဟာ ယခုရက်ပိုင်း နေ့စဉ် မြို့ပြင်ဘက် စစ်ကြောင်းနဲ့လှုပ်ရှားနေတဲ့အပြင် ပူတာအို လေဆိပ်ထဲမှာလည်း ဂျက်လေယာဉ်တစ်စင်း နိုဝင်ဘာ ၁၃ ရက်နေ့ ကတည်းကနေ ရပ်နားထားကြောင်း မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်ပြုလုပ်လာတာနဲ့အခုလို ဗုံးကျဲလေယာဥ်တွေ မြို့တွင်းလေဆိပ်ထဲ ရပ်နားထားတာတွေကြောင့် တိုက်ပွဲ ဖြစ်လာမှာကို မြို့ခံတွေက စိုးရိမ်နေရကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ပူတာအိုမြို့အရှေ့ဘက် ထန်ဂါးကျေးရွာအနီးမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို အောက်တိုဘာ ၁၂ ရက်နေ့ မှာလည်း မြစ်ကြီးနား၊ ပူတာအို ကားလမ်းပိုင်းက တန်ဂျာကျေးရွာအနီးမှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ပူတာအိုမြို့အနီး ဝန်းကျင်မှာ နှစ်ဖက်တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်က ပူတာအိုမြို့မှာ အခုလို စစ်ရေးပြင်ဆင်မှုတွေ အရိုန်အဟုန်မြင့် လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က ပူတာအိုမြို့ပေါမှာ စစ်တပ်နဲ့ တန်ဂူးတန်ပြည်သူ့စစ်ကို ထောက်ခံတဲ့ လူတစ်စုက ဆန္ဒထုတ်ဖော်ပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။
ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့နယ်ရှိ လန်ဟီဆင်ဒေသဘက်မှာလည်း စစ်ကောင်စီက ၎င်းတို့လက်လွတ်ခဲ့ရတဲ့ လာဟီဆင်စခန်းနဲ့ လန်ဆယ်မြို့ကို ပြန်သိမ်းဖို့ စက်တင်ဘာ ၁၉ ရက်နေ့ကနေ စပြီး ၅ ရက်ခန့်ကြာ ထိုးစစ်ဆင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့ပါတယ်။
လက်ရှိမှာတော့ ခေါင်လန်ဖူးမြို့ပေါ်မှာ ခလရ ၄၆ တပ်က ဗျူဟာမှူးကိုယ်တိုင် ထိုင်ပြီးစစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ပူတာအိုခရိုင်ရှိ ဆွမ်ပရာဘွမ်မြို့နဲ့ ခေါင်လန်ဖူးမြို့နယ်ထဲ ပလာဟီဆင် မဆုတ်တမ်း ရှေ့တန်းခံစစ်စခန်းတို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
By – Zaw Zaw



